ကလေးများ၏အနာဂတ်ကို  မဖျက်ဆီးပါနဲ့

မိုးလုံးပြည့်မုသာဝါဒဟူသောစကားရပ်သည် လွန်ခဲ့သောနှစ်ပေါင်း (၃၀) ကျော်က လွန်စွာလူသုံးများခဲ့သော စကားရပ်ဖြစ်သည်။ ထိုစဉ်ကမြန်မာနိုင်ငံနှင့်ပတ်သက်လျှင် မြန်မာအစိုးရကို ဆန့်ကျင်နေသူအပေါင်းသည် အလိမ်အညာတွေ ပြည့်နှက်နေသော မုသားစကားကိုတွင်တွင်ကျယ်ကျယ်သုံးခဲ့သည်။ ပြည်ပအသံလွှင့်ဌာနများဆိုလျှင် ဘီဘီစီလိမ်နေသည်။ ဗွီအိုအေညာနေသည်ဟူ၍ပင် မှတ်တမ်းပြုခဲ့ကြသည်။ သူတို့ကြောင့် ၁၉၈၈ ခုနှစ်အရေးအခင်းဖြစ်ကာ တိုင်းပြည်ပျက်ခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က လမ်းစဉ်ပါတီဥက္ကဋ္ဌကြီးက ပြည်သူတွေကြိုက်တဲ့ လမ်းစဉ်နဲ့ မြန်မာ့နိုင်ငံရေးခရီးသွားဖို့လမ်းဖွင့်ပေးခဲ့သည်။ ထို့ကြောင့် ပါတီစုံစနစ်ကိုသွားရန် ရွေးချယ်ပြင်ဆင်ခဲ့ကြသည်။

ထိုအချိန်က နိုင်ငံတော်သမ္မတဒေါက်တာမောင်မောင်ကိုယ်တိုင်ပင် စစ်အုပ်ချုပ်ရေးရုပ်သိမ်းပေးကာ ပါတီစုံဒီမိုကရေစီ စနစ်သို့ ချီတက်ကြရန် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကော်မရှင်ကိုပင် ဖွဲ့စည်းပေးထားပြီးဖြစ်သည်။ ထိုသို့သော သတင်းအမှန်များကို ပြည်သူများမသိကြ။ ဒီမိုကရေစီတောင်းဆို နေသူတွေအတွက် ဒီမိုကရေစီပေးလိုက်ပြီး ဖြစ်သည်။ အဖျက်အမှောင့်သမားများက သတင်းမှန်ကို ဖုံးကွယ်ထားသည်။

ဤသည်မှာ ဖြစ်ရပ်အမှန်ပင်ဖြစ်သည်။

ယနေ့ကာလတွင် ထိုကဲ့သို့သော အဖြစ်ဆိုးမျိုး (သတင်းအမှားသိနေခြင်းမျိုး) မဖြစ်စေရန်အတွက် သတင်းများကို အချိန်နှင့် တစ်ပြေးညီ ထုတ်လွှင့်ပေးလျက်ရှိသည်။ နေ့စဉ်အကြိမ်ပေါင်းများစွာ ထုတ်လွှင့်နေရုံမက အပတ်စဉ် သတင်းစာရှင်းလင်းပွဲ ကျင်းပကာ ရှင်းလင်းပြနေသည်။ ပြည်သူများ၏ သတင်းသိပိုင်ခွင့်ကို ပိုမိုဖြည့်ဆည်းနိုင်ရေး၊ သတင်းစီးဆင်းမှု ပိုမိုမြန်ဆန်စေရေးနှင့် သတင်းအမှန်များ ပိုမိုရရှိစေရေးအတွက် သတင်းစာရှင်းလင်း ပွဲပြုလုပ်နေခြင်း ဖြစ်သည်။

မေ ၇ ရက်ကကျင်းပသော နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ  သတင်းထုတ်ပြန်ရေးအဖွဲ့၏ အပတ်စဉ်သတင်းစာ ရှင်းလင်းပွဲတွင် သတင်းမီဒီယာပိုင်းဆိုင်ရာ၊ ပညာရေးပိုင်းဆိုင်ရာ၊ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာနှင့် ဘဏ်လုပ်ငန်းစနစ်ဆိုင်ရာများကိုရှင်းလင်းခဲ့သည်။ ထိုရှင်းလင်းချက်များထဲမှ ပညာရေးကဏ္ဍဆိုင်ရာရှင်းလင်းချက်များမှာ မိဘ၊ ဆရာ၊ ကျောင်းသားများ ပိုမိုသိသင့်ပါသည်။ ပညာရေးကဏ္ဍကို မပျက်ပျက်အောင် ဖျက်ဆီးနေသော အဖျက်သမားတို့၏ လုပ်ရပ်များကို အသိသတိနှင့်ကာကွယ်သင့်သည်။

လေထဲတွင်တိုက်အိမ်ဆောက်နေသူ စိတ်ကူးယဉ်သမားတို့၏  မိုးလုံးပြည့်မုသာဝါဒတွင် မျောပါမသွားစေရန် လိုအပ်လှသည်။

မြန်မာနိုင်ငံ၏ ပညာရေးစနစ်သည် အမျိုးသားပညာရေးစနစ်ဖြစ်သည်။ ထိုစနစ်သည် ယခုနိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအစိုးရ လက်ထက်တွင် ပေါ်ပေါက်လာသော ပညာရေးစနစ်မဟုတ်ပါ။ ၂၀၁၄  ခုနှစ်အမျိုးသား ပညာရေးဥပဒေအရ  စတင်ခဲ့ခြင်းဖြစ်သည်။ အစိုးရနှစ်ဆက်တိုင်တိုင် ကျင့်သုံးအကောင်အထည် ဖော်ခဲ့ပြီးဖြစ်သည့် ပညာရေးစနစ်ဖြစ်သည်။ အမျိုးသားပညာရေးဆိုသည်မှာ  အစိုးရတစ်ရပ်၊ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က မိမိလိုချင်သလိုပြုပြင်ပြောင်းလဲ၍မရပေ။ ထိုပညာရေးစနစ်ကို ကျင့်သုံးခဲ့သည်မှာ ငါးနှစ်ကျော်ခဲ့ပြီဖြစ်သည်။

လက်ရှိအစိုးရသည် အမျိုးသားပညာရေး စနစ်ကိုပင် ဆက်လက်ကျင့်သုံးနေပါသည်။ ပြုပြင်ပြောင်းလဲဖြည့်စွက်ခြင်းမရှိပါ။ သို့သော် အဖျက်သမားတို့သည် အဆိုပါပညာရေးစနစ်ကိုစစ်ကျွန်ပညာရေးစနစ်ဟု သုံးနှုန်းနေသည်။ မေလ ၅ ရက်နေ့မှစ၍ တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများတွင် နောက်ဆုံးနှစ်သင်တန်းများ၊ မဟာဘွဲ့သင်တန်းများ၊ ပါရဂူဘွဲ့သင်တန်းများ အောင်မြင်စွာ ဖွင့်လှစ်ခဲ့ပြီးဖြစ်သလို ဇွန်လ ၁ ရက်နေ့တွင် အခြေခံပညာကျောင်းများကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်မည် ဖြစ်သည်။

မေ ၂၄ ရက်မှ ၃၁ ရက်အထိ ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ်သတ်မှတ်ထားသည်။  ကျောင်းအပ်နှံရာတွင်မည်သည့်အခကြေးငွေမျှ ကောက်ခံမှုမရှိပါ။ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်၊ ဗလာစာအုပ်၊  ဘောပင်/ခဲတံ၊ Mask^Face Shield တို့ကိုနိုင်ငံတော်မှ အခမဲ့ထောက်ပံ့ပါမည်။  ငါးနှစ်အရွယ်ကလေးများကို သူငယ်တန်း(KG) သို့အပ်နှံရန်၊ ခြောက်နှစ်အရွယ်ကလေးများကို ပထမတန်း(Grade-1)သို့ အပ်နှံရန် ကြေညာထားပြီးဖြစ်သည်။ ကျောင်းများ ပြန်လည်မဖွင့်နိုင်အောင် လှုံ့ဆော်ခြင်း၊ ကလေးငယ်များ၏  ပညာသင်ကြားရေးအား ခြိမ်းခြောက်နှောင့်ယှက် ဟန့်တားပြီး သွေးထိုးလှုံ့ဆော်ခြင်းများသည် တိုင်းပြည်ကိုဖျက်နေခြင်းဖြစ်သည်။  ကလေးများ၏ အနာဂတ်ကို ဖျက်ဆီးနေခြင်း ဖြစ်သည်။

ကမ္ဘာတွင်ပညာခေတ်ဟု ကြွေးကြော်နေပြီး ပညာရေးနှင့် ကျန်းမာရေးကို အားပေးမြှင့်တင်ရမည့် အချိန်တွင် မြန်မာနိုင်ငံ၏ ပညာရေးနှင့် ကျန်းမာရေးစနစ်ကို ပျက်စီးအောင် ဒီမိုကရေစီ အမည်ခံအကြမ်းဖက်သမားများက ဆောင်ရွက်နေသည်။ ဒီမိုကရေစီသဘောအရ မည်သူမဆို သဘောထားကွဲလွဲခွင့်ရှိသော်လည်း ကျောင်းများရှေ့တွင် ပညာရေးမှူးရုံးများတွင် ဗုံးခွဲခြင်း၊ ဗုံးထောင်ခြင်း၊ ဆရာ၊ ဆရာမများအား ခြိမ်းခြောက်အကျပ်ကိုင်ဟန့်တားခြင်းများသည် လူမဆန်သောလုပ်ရပ်များသာဖြစ်သည်။ လက်ရှိအစိုးရသည် စစ်အစိုးရမဟုတ်သလို စစ်ကျွန်ပညာရေးကို သင်ကြားစေမည့် အစိုးရတစ်ရပ်လည်း မဟုတ်ပါ။ စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီ စနစ်ပျက်ယွင်းမည့် အခြေအနေကို ထိန်းကျောင်းပေးနေသော အစိုးရသာ ဖြစ်သည်။ မျိုးဖျက်၊ ပြည်ဖျက်သစ္စာဖောက်တို့၏ မိုးလုံးပြည့်မုသား စကားနှင့်အဖျက်လုပ်ရပ်များကို  မြင်အောင်ကြည့်ကြပါ။

“ကလေးများ၏အနာဂတ်ကိုမဖျက်ဆီးပါနဲ့”ဟူ၍ သတိပေးရေးသား လိုက်ရပါသည်။  ။