ပန်းတဉ်းအထိမ်းအမှတ် အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ် ၂ဝဝ ကျပ်တန် ရောင်းချပေးမည်

နေပြည်တော် သြဂုတ် ၂၆

မြန်မာ့ယဉ်ကျေးမှု သုခုမအနုပညာရပ်များကို  မျိုးဆက်သစ် လူငယ်များအကြား ပိုမိုသိရှိ   အလေးထားစေရန် ရည်ရွယ်၍ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန မြန်မာ့စာတိုက် လုပ်ငန်းမှ သုခုမအနုပညာ ပန်းဆယ်မျိုးတွင်  အပါအဝင်ဖြစ်သော ပန်းတဉ်း အထိမ်းအမှတ် အထူးထုတ်စာပို့ တံဆိပ်ခေါင်းသစ်(၂ဝဝ ကျပ်တန်) တစ်မျိုးအား ၂ဝ၂ဝ ပြည့်နှစ် သြဂုတ် ၂၈ ရက် မြန်မာသက္ကရာဇ် ၁၃၈၂ ခုနှစ် ဝါခေါင်လဆန်း ၁ဝ ရက် (သောကြာနေ့) နံနက် ၉ နာရီမှ စတင်၍   နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန်စာတိုက်ကြီး၊ မန္တလေးစာတိုက်ကြီးတို့နှင့်    တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့တော်စာတိုက်ကြီးများတွင် ရောင်းချပေးသွားမည်ဖြစ်သည်။

အထူးအစီအစဉ် တစ်ရပ်အနေဖြင့် နေပြည်တော်ဗဟိုစာတိုက်ကြီး၊ ရန်ကုန် စာတိုက်ကြီးနှင့် မန္တလေး စာတိုက်ကြီးတို့၌ သြဂုတ် ၂၈ ရက်တွင်ဝယ်ယူသော စာပို့တံဆိပ်ခေါင်းများနှင့်  ပထမနေ့စာအိတ်(Firstday  Cover)များပေါ်တွင် နေ့စွဲ အမှတ်အသား တံဆိပ်ရိုက်နှိပ်ပေးမည်ဖြစ်ကြောင်း သိရသည်။