အေစီမီလန်အသင်းနှင့် ဆွီဒင်အသင်းဝါရင့် တိုက်စစ်မှူး အီဗရာဟီမိုဗစ်ချ်သည် ဒူးဒဏ်ရာကြောင့် ဇွန်လတွင် စတင်ကျင်းပမည့် ယူရို ၂ဝ၂ဝ ပြိုင်ပွဲကို လွဲချော်ဖွယ် ရှိနေကြောင်း သိရသည်။
အသက် ၃၉ နှစ်အရွယ် အီဗရာဟီမိုဗစ်ချ်သည် မေ ၁ဝ ရက်နံနက်ပိုင်းတွင် ကစားသည့် အေစီမီလန် အသင်းက ဂျူဗင်တပ်စ်အသင်းကို ၃ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည့် ပွဲစဉ်၌ ပွဲချိန် ၆၆ မိနစ်တွင် ဒူးဒဏ်ရာ ရရှိခဲ့သည့်အတွက် လူစားလဲ ထွက်ခွာခဲ့ရသည်။
လက်ရှိတွင် အီဗရာဟီမိုဗစ်ချ်၏ ဒူးဒဏ်ရာမှာ မည်သည့်အချိန်ထိ အနားယူရမည်ကို မသိရှိရသေးဘဲ အသေးစိတ် ဆေးစစ်မှုများ ပြုလုပ်ရမည်ဖြစ်ကာ ဒဏ်ရာအခြေအနေ ဆိုးရွားမည်ဆိုပါက ယူရို ၂ဝ၂ဝ ပြိုင်ပွဲကို လွဲချော်ရဖွယ်ရှိနေခြင်းဖြစ်သည်။
အီဗရာဟီမိုဗစ်ချ်သည် ၂ဝ၁၈ ခုနှစ်က လက်ရွေးစင် ကစားသမားဘဝမှ အနားယူခဲ့သူဖြစ်ပြီးယခုဘောလုံးရာသီတွင် အေစီမီလန် အသင်းနှင့် ခြေစွမ်းပြသနေသည့်အတွက် ဆွီဒင်လက်ရွေးစင်အသင်း ကစားသမား စာရင်းတွင် ရွေးချယ်ခြင်း ခံထားရသူဖြစ်သည်။
အီဗရာဟီမိုဗစ်ချ်သည် ဆွီဒင်လက်ရွေးစင်အသင်းတွင် ၂ဝဝ၁ ခုနှစ်ကတည်းက စတင်ပါဝင်ကစားခဲ့သူ ဖြစ်ပြီး အသင်းနှင့် လက်ရှိအချိန်ထိ နိုင်ငံတကာာပွဲစဉ် ပေါင်း ၁၁၈ ပွဲပါဝင်ကစားခဲ့ကာ ၆၂ ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး အသင်းသမိုင်း တစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသူဖြစ်သည်။
အီဗရာဟီမိုဗစ်ချ်သည် ယခုဘောလုံးရာသီတွင် အေစီမီလန်အသင်းနှင့် အီတလီစီးရီး အေပွဲစဉ် ၁၉ ပွဲပါဝင်ကစားခွင့် ရရှိခဲ့ကာ ၁၅ ဂိုးအထိ သွင်းယူထားပြီး နှစ်ကြိမ်ဂိုး ဖန်တီးမှုပြုလုပ်ကာ အသင်းသို့ တစ်ကျော့ပြန်လာခဲ့ပြီးနောက် ၄၈ ပွဲကစားခဲ့ကာ ၂၈ ဂိုးအထိ သွင်းယူထားကြောင်း သိရသည်။