ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ လှူဖွယ်ပစ္စည်းများ၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများဆောင်ရွက်

နေပြည်တော်   မေ  ၁၂

ဘုန်းတော်ကြီးကျောင်းများ၊  သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာ ရေးကျောင်းများတွင်  ဆွမ်းအဆင်ပြေစေရေးအတွက် တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက    တိုင်းစစ်ဌာနချုပ်များ အလိုက် မြို့နယ်အသီးသီး၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်း များကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နှင့်ပန်းတောင်းမြို့တို့ရှိ ကျောင်းတိုက်များမှ သံဃာတော်များနှင့်   သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများနှင့်  လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ ကျောင်းတိုက်မှ သံဃာတော်များအား နေ့ဆွမ်းများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက်  တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းကြသည်။

ထို့ပြင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အတုလရန်အောင်ကျောင်းတိုက်မှ သံဃာတော်များအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်ရှိ   နယ်လှည့်ဆေးကုသရေး အဖွဲ့များက လိုအပ်သည့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိ သည်။