ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား COVID- 19 ရောဂါ ကာကွယ်ဆေးထိုးနှံ

နေပြည်တော်   မေ  ၁၂

တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ် နယ်မြေအသီးသီးရှိ   ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများအပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး  အသက်(၆၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုင်းရင်းသား ပြည်သူများအား COVID- 19 ရောဂါ  ကာကွယ်ဆေးထိုးနှံနိုင်ရေးအတွက်ဆေးပစ္စည်းများကို  တပ်မတော်လေယာဉ်များဖြင့်  သယ်ယူပို့ဆောင်ပေးခြင်းများနှင့်   ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက် ပေးလျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊  တောင်ကြီးမြို့၊ ညောင်ရွှေမြို့၊ ကလောမြို့၊ ဟိုပုံးမြို့၊ ဆီဆိုင်မြို့၊ ကယားပြည်နယ်၊  လွိုင်ကော်မြို့တို့အတွင်းရှိ ထေရ်ကြီးဝါကြီးဆရာတော်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများအား   သတ်မှတ်နေရာ အသီးသီး၌ တပ်မတော်သားပါရဂူများ၊ ဆရာဝန်များနှင့်  သူနာပြုများ ပါဝင်သော ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍   ကျန်းမာရေးစစ်ဆေးပေးပြီး COVID- 19 ရောဂါ  ကာကွယ်ဆေးထိုးနှံပေးခြင်းများ  ဆောင်ရွက်ပေး ခဲ့ကြကြောင်း သတင်းရရှိသည်။