မြို့နယ်အချို့၌ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များက လုံခြုံရေး တပ်ဖွဲ့စခန်းများနှင့် အများပြည်သူပိုင် အဆောက်အဦများအား အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်

နေပြည်တော်   မေ  ၁၂

၂ဝ၂၁ ခုနှစ်၊ မေလ ၁၁ ရက်နေ့တွင် မြို့နယ်အချို့၌ လက်နက်ကိုင် အကြမ်းဖက် အဖွဲ့များက လုံခြုံရေး တပ်ဖွဲ့စခန်းများနှင့် အများပြည်သူပိုင် အဆောက်အဦများအား အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၁၁ ရက် ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကံကော်ရပ်ကွက်၊ ဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်   ဖွံ့ဖြိုးရေးပါတီရုံး အဆောက်အဦအား   လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ၄ဝ မမ ဗုံးသီးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ  အဆိုပါဗုံးသီးမှာ ရုံးဝင်းအတွင်း အစည်းအဝေး ခန်းမရှေ့ ၁ဝ ပေခန့်အကွာတွင် ကျရောက်ပေါက်ကွဲ ခဲ့သဖြင့် တံခါးမှန် ၇ ချပ်ကွဲအက် ပျက်စီးခဲ့ပြီး ရုံးအတွင်းရှိနေသော မောင်လင်းမြတ်ဟိန်း (၂ဝ)နှစ်(ဘ) ဦးရဲနိုင်အောင်တွင် လည်ပင်းရှေ့ ဗုံးစထိမှန်ဒဏ်ရာ ရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆေးဝါးကုသမှု ခံယူနိုင်ရေး ကျိုက်ထိုမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။

အလားတူ ည ၇ နာရီ ၂ဝ မိနစ်အချိန်တွင်  ကျိုက်ထိုမြို့ရှိ  မြို့မရဲစခန်းအား ရဲစခန်း၏မြောက်ဘက်ကိုက်  ၃ဝဝ ခန့်အကွာရှိ ကံကော်ရပ်ကွက်၊ မီးသတ်လမ်းဆုံမှ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က လက်နက်ငယ်များဖြင့် အချက် ၂ဝ ခန့်ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ ၇ နာရီ ၄ဝ မိနစ်အချိန်တွင် အကြမ်းဖက်အဖွဲ့မှ  ပြန်လည်ဆုတ်ခွာသွားခဲ့သည်။ ထပ်မံ၍ ည ၇ နာရီ ၅၅ မိနစ်အချိန်တွင် ရဲစခန်း၏ အရှေ့ဘက်ပေ ၁ဝဝ ခန့်အကွာရှိ ရွှေဘုံသာဘုရားဝင်း အတွင်းမှ အကြမ်းဖက်သူ အမျိုးသား ၁ ဦး(စိစစ်ဆဲ)က လက်နက်ငယ်ဖြင့်  ၄ ချက်ခန့်ပစ်ခတ်ပြီး ကံကော်ရပ်ကွက်ဘက်သို့ ပြန်လည် ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အလားတူ မေလ ၁၂ ရက်နေ့ နံနက် ၄ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်း ဒေသကြီး၊  တမူးမြို့နယ်၊  ကွန်းတောင်းကျေးရွာရှိ ရဲကင်းစခန်းအား လက်နက်ကိုင် အကြမ်းဖက် အဖွဲ့အင်အား  ၅ဝ ဦးခန့်က လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ နံနက် ၅ နာရီခွဲအချိန်တွင်  လက်နက်ကိုင်အကြမ်းဖက် အဖွဲ့များ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး  ကျည် ၁၅ တောင့်ပါကျည်အိမ် ၁ ခုအားသိမ်းဆည်း ရမိခဲ့ကာ ဖြစ်စဉ်အတွင်း လုံခြုံရေး တပ်ဖွဲ့ဝင် ၁ ဦး  လက်နက်ငယ်ကျည် ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်များတွင် လုံခြုံရေး တပ်ဖွဲ့စခန်းများနှင့် အများပြည်သူပိုင် အဆောက်အဦများအား  အကြမ်းဖက် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်  လက်နက်ကိုင် အကြမ်းဖက်အဖွဲ့များအား ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး လိုအပ်သော လုံခြုံရေးအင်အားများတိုးမြှင့်ကာ ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုများ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။