နေပြည်တော်၊ မေ - ၁၃
တပ်မတော်အနေဖြင့် တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ အပါအဝင် လူမျိုးမရွေး၊ ဘာသာမရွေး အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုင်းရင်းသားပြည်သူများအား Covid- 19 ရောဂါ ကာကွယ်ဆေး ထိုးနှံနိုင်ရေးအတွက် ဆေးပစ္စည်းများကို တပ်မတော် လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခြင်းများနှင့် ကာကွယ်ဆေး ထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီး မြို့၊ ဟိုပုံးမြို့၊ ဆီဆိုင်မြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့များ အတွင်းရှိ ထေရ်ကြီး ဝါကြီးဆရာတော်ကြီးများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဒေသခံ တိုင်းရင်းသားပြည်သူ များအား သတ်မှတ်နေရာ အသီးသီး၌ တပ်မတော်သား ပါရဂူများ၊ ဆရာဝန်များနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့များက ပြည်သူ့ဆေးရုံများမှ ဆရာဝန်များ၊ ကျန်းမာ ရေးဝန်ထမ်းများနှင့်အတူပူးပေါင်း၍ ကျန်းမာရေး စစ်ဆေးပေးပြီး Covid- 19 ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သတင်းရရှိသည်။