ရန်ကုန် သြဂုတ် ၂၆
မြန်မာနိုင်ငံ၌ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများအတွက် ကုလသမဂ္ဂ ကလေးများရန်ပုံငွေ အဖွဲ့(UNICEF)က ထောက်ပံ့ကူညီသည့် အထောက်အကူပြု ပစ္စည်းများ တင်ဆောင်လာသော အထူးကုန်တင်လေယာဉ်သည် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်အပြည်ပြည်ရာ လေဆိပ်သို့ ရောက်ရှိကြောင်း သိရသည်။
အဆိုပါအထူး ကုန်တင်လေယာဉ်သည် UNICEF ၏ အစီအစဉ်ဖြင့် ရောက်ရှိလာခြင်းဖြစ်ပြီး အမေရိကန်ဒေါ်လာ ၈၃၆၅၆၈ တန်ဖိုးရှိ တစ်ကိုယ်ရေ ကာကွယ်ရေး ဝတ်စုံ(PPE)နှင့် ဆက်စပ်ပစ္စည်းများကို တင်ဆောင်လာခြင်းဖြစ်သည်။
UNICEF အနေဖြင့် မြန်မာနိုင်ငံ၌ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ သန်းခန့်တန်ဖိုးရှိ တစ်ကိုယ်ရေ ကာကွယ်ရေးဝတ်စုံ (PPE)နှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ကူညီသွားမည်ဖြစ်ရာယနေ့ခရီးစဉ်မှာ ယင်းအစီအစဉ်၏ အစိတ်အပိုင်း တစ်ရပ်အနေဖြင့် တတိယအကြိမ်မြောက် ခရီးစဉ်အဖြစ် ရောက်ရှိလာခြင်းဖြစ်သည်။
အဆိုပါထောက်ပံ့မှု အစီအစဉ်၏ ပထမအကြိမ်နှင့် ဒုတိယအကြိမ်ခရီးစဉ်မှာ သြဂုတ် ၂၄ ရက်နှင့် ၂၅ ရက်တို့တွင် ရောက်ရှိခဲ့ပြီးသြဂုတ် ၂၈ ရက်တွင် စတုတ္ထအကြိမ်မြောက် ခရီးစဉ်အဖြစ် တစ်ကိုယ်ရေကာကွယ်ရေး ဝတ်စုံ(PPE)နှင့် ဆက်စပ်ပစ္စည်းများ ထပ်မံရောက်ရှိလာမည်ဖြစ်ပြီး ယင်းနေ့တွင် ခရီးစဉ်အားလုံး၏ ထောက်ပံ့ကူညီမှုပစ္စည်းများကို UNICEF မှတာဝန်ရှိသူများက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ရှိသူများထံ လွှဲပြောင်း ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ UNICEF အနေဖြင့် မြန်မာနိုင်ငံ၌ COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုရန်အတွက် COVID-19 ရောဂါပိုးစမ်းသပ်ကိရိယာ (test kits)နှင့် ဆက်စပ်ပစ္စည်းများကို လည်းကောင်း၊ ဓာတ်ခွဲခန်းသုံး အထောက်အကူပြုပစ္စည်းများနှင့် ဆေးဝါးများကို လည်းကောင်း ထောက်ပံ့ကူညီခဲ့သည့် အပြင် UNICEF ၏သက်ဆိုင်ရာ ကဏ္ဍအလိုက် ကျွမ်းကျင်ဝန်ထမ်းများဖြင့်လည်း ကူညီဆောင်ရွက်လျက် ရှိကြောင်း UNICEFမှ သိရသည်။