မြို့နယ်အချို့၌ နိုင်ငံတော်ပိုင်အဆောက်အဦများအား ဆူပူအကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခြင်းများ ဆောင်ရွက်ခဲ့

နေပြည်တော် မေ ၁၃

ဆူပူအကြမ်းဖက်လူအုပ်စုများအနေဖြင့် တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့၌ နိုင်ငံတော်ပိုင် အဆောက်အဦများအား   မီးရှို့ဖျက်ဆီးခြင်းများ လုပ်ဆောင်လျက်ရှိသည်။ထိုသို့လုပ်ဆောင်ရာတွင် မေလ ၁၃ ရက်နေ့ နံနက် ၃ နာရီအချိန်တွင်  စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့၊ အမှတ်(၄)ရပ်ကွက်၊ ကျီတော်စုရပ်ရှိ ရပ်ကွက်စီမံအုပ်ချုပ်ရေး အဖွဲ့ရုံးအား အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့၍  မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ ၂၅ မိနစ်ခန့် အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါရုံးအနောက်တွင် အဖီဆွဲထားသော သွပ်မိုး၊ ထရံကာ၊ အုတ်ခင်း အခန်း ၁ ခန်းနှင့် အဆိုပါအခန်းအတွင်းမှ စားပွဲခုံ ၂ လုံး၊ သေတ္တာ ၄ လုံးနှင့် အရန်မီးသတ်ဝတ်စုံများ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အလားတူ နံနက် ၄ နာရီ ၃၅ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့၊ ဝါဆိုရပ်ကွက်ရှိ ရပ်ကွက် စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား အကြမ်းဖက်သူများက မီးရှို့ခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ပြီး  ရပ်ကွက်နေပြည်သူ များမှ ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့၍ ၅ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှု ကြောင့် အဆိုပါ ရုံးရှေ့မှန်ပြတင်းပေါက်အနီးရှိ ပလတ်စတစ်ထိုင်ခုံ ၁ လုံးနှင့် သစ်သားကြမ်းခင်း ၂ ပေပတ်လည်ခန့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း  သိရသည်။

အလားတူ နံနက် ၅ နာရီ ၅၀ မိနစ်အချိန်တွင်  ပဲခူးမြို့၊  မဇင်းရပ်ကွက်၊ ရွှေသာလျောင်းလမ်းမတန်းရှိ   ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအား  အကြမ်းဖက်သူများမှ အင်ဂျင်ဝိုင်နှင့် ဓာတ်ဆီစိမ်ထားသည့် အဝတ်စ ၁ ခုအားအသုံးပြု၍  မီးရှို့ဖျက်ဆီးခဲ့၍   မီးလောင်မှုဖြစ်ပွားကြောင်း သတင်းအရ   လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်မီးငြှိမ်းသတ်ခဲ့ရာ ၁၀ မိနစ်ခန့်အကြာတွင် မီးငြိမ်းသွားခဲ့ပြီး မီးလောင်မှုကြောင့် အဆိုပါရုံး အဝင်နံရံ၌  တပ်ဆင်ထားသည့်   နံရံကပ်ပန်ကာ  ၁  လုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း   သိရသည်။

အထက်ပါဖြစ်စဉ်များမှ အကြမ်းဖက်မှုလုပ်ရပ်များကို ကျူးလွန်သူများအား ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက  စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။   

 ရဲပြန်ကြား