မင်းတပ်မြို့နယ် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေသည့် လက်နက်ကိုင်ဆူပူ အကြမ်းဖက်သူများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်

နေပြည်တော်၊ မေ - ၁၅

    ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် နိုင်ငံတော်အား အရေးပေါ် အခြေအနေ ကြေညာပြီး နိုင်ငံတော်၏ တာဝန်အရပ်ရပ်ကို တပ်မတော်အနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် ပြဋ္ဌာန်းထားသည့် ကာလအတွင်း ထိန်းသိမ်း ရယူကာ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်း၍ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်မှု၊ တည်ငြိမ်အေးချမ်းမှု ရှိစေရေး ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထိုသို့ ဆောင်ရွက်လျက်ရှိစဉ် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း တည်ငြိမ်    အေးချမ်းမှုနှင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို ပျက်ပြားစေရန် ရည်ရွယ်၍ ဆူပူအကြမ်းဖက်သူများက ဖေဖော်ဝါရီလဆန်းပိုင်းမှစ၍ ဆူပူဆန္ဒပြမှုများ ဆောင်ရွက်ခြင်း၊ ၎င်းမှ အုပ်ချုပ်ရေးယန္တရားများ  ပျက်ပြားစေရန် ရည်ရွယ်၍ အစိုးရဝန်ထမ်းများအား CDM တွင် ပါဝင်လာစေရန် လှုံ့ဆော်ခြင်း၊ CDM မပြုလုပ်သော အစိုးရဝန်ထမ်းကောင်းများ အပေါ် ဖိအားပေး ခြိမ်းခြောက်အကြပ်ကိုင်ခြင်းများ ဆောင်ရွက်ခဲ့သည်။

    ထိုပြင် မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုများအဖြစ် ကြေညာထားသော CRPH နှင့် ဆက်သွယ်ကာ မင်းတပ်မြို့နယ်၊ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့အား တရားမဝင် ဖွဲ့စည်း၍ ရပ်ရွာတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန်၊ အေးချမ်းစွာ နေထိုင်သော ပြည်သူလူထုများ၏ အသက်အိုးအိမ်များ ပျက်စီးစေရန် ရည်ရွယ်၍ ဆူပူအကြမ်းဖက်ခြင်း၊ မိုင်းထောင်၊ မိုင်းခွဲပြုလုပ်ခြင်း၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦ များ မီးရှို့ဖျက်ဆီးခြင်း၊ အစိုးရဝန်ထမ်းများအား ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပြုလုပ်ခဲ့သည့်အပြင် လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်ဖွဲ့ဝင်များအား လက်နက်ကြီး၊ လက်နက်ငယ်၊ တူမီးသေနတ်များ၊ လက်လုပ်ဗုံးများ၊ မီးပုလင်းများ ဖြင့် အန္တရာယ်ပြု ချောင်းမြောင်းတိုက်ခိုက်ခြင်းစသော လက်နက်ကိုင်၍ အကြမ်းဖက် တိုက်ခိုက်ခြင်း (Terrorism) ကိုပါ ဆောင်ရွက်လာခဲ့သည်။ ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဧပြီလ ၂၄ ရက်မှ မေလ ၁၃ ရက်အထိ  မင်းတပ်မြို့နယ်အတွင်း လှည့်ကင်းပတ်ကင်း ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား အကြမ်းဖက်သူများက စုစုပေါင်း (၇)ကြိမ်ခန့် လက်နက်ငယ်၊ တူမီးသေနတ်များဖြင့် ချောင်းမြောင်း တိုက်ခိုက်ခဲ့သည်။ ထို့ပြင် မေလ ၁၂ ရက်တွင် ဆူပူအကြမ်းဖက်သူ CDF အဖွဲ့ဝင်များက မင်းတပ်မြို့၊ စံပြရပ်ကွက်ရှိ မြန်မာ့စီးပွားရေးဘဏ်နှင့် အရှေ့ပြင်ရပ်ကွက်ရှိ မြို့မရဲစခန်းတို့အား တူမီးသေနတ်၊ လက်လုပ်မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် မင်းတပ်ခရိုင် လျှပ်စစ်ရုံးမှ လက်ထောက်အင်ဂျင်နီယာ ဦးရဲအောင်စိုးနှင့် ဦးဝေဖြိုးသန့် တို့ ၂ ဦးအား အကြောင်းမဲ့ဖမ်းဆီး ခေါ်ဆောင်သွားခဲ့သည်။

၎င်းအပြင် မေလ ၁၃ ရက် မွန်းလွဲပိုင်းတွင် မင်းတပ်မြို့ လုံခြုံရေး ဆောင်ရွက်ရန်အတွက် မတူပီမြို့မှ ထွက်ခွာလာသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား မတူပီ-မင်းတပ် ကားလမ်း ၃၅/ ၀ မိုင် အရောက်၌ အကြမ်းဖက်သူ အင်အား ၁၀၀ ဦးခန့်က ဝိုင်းဝန်းတိုက်ခိုက်ခဲ့သည်။ ထို့အတူ မင်းတပ်မြို့၏ အရှေ့ဘက်မီတာ ၂၀၀ ခန့်အကွာ၌ အကြမ်းဖက်သူအင်အား ၁၀၀ ဦးခန့်က လုံခြုံရေးတပ်ဖွဲ့ဝင်များ မင်းတပ်မြို့သို့ လာရောက်နိုင်ခြင်းမရှိစေရန် ပိတ်ဆို့ပစ်ခတ်တိုက်ခိုက်ခြင်း ပြုလုပ်လာခဲ့သည်။ ထိုသို့တိုက်ခိုက်ခဲ့မှုများကြောင့် မော်တော်ယာဉ် ၁ စီး မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကာ တပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ပျောက်ဆုံး၊ ဒဏ်ရာရရှိခဲ့သည်။

     မင်းတပ်မြို့နယ်အတွင်း ဒေသတည်ငြိမ် အေးချမ်းမှုရှိစေရေးနှင့် တရားဥပဒေ စိုးမိုးမှု ရှိစေရေးအတွက် အုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖများ၊ ဘာသာရေး ခေါင်းဆောင်များဖြင့် ဧပြီလ ၂၉ ရက်နှင့် မေလ ၁၀ ရက် တို့တွင် ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့သော်လည်း ဆူပူအကြမ်းဖက်သူများက သဘောတူလက်ခံခြင်းမရှိဘဲ အကြမ်းဖက် လုပ်ရပ်များကို တိုးမြှင့်ဆောင်ရွက်ခဲ့သည်။ ထိုသို့ မတရားအသင်းနှင့် အကြမ်းဖက်အုပ်စုဖြစ်သော CRPH နှင့်တရားမဝင် ဖွဲ့စည်းထားသော ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ၏ နောက်ကွယ်မှကြိုးကိုင်ဆောင် ရွက်မှုများကြောင့် မင်းတပ်မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းမှုများ ပျက်ပြားလာ သည့်အပြင် အေးချမ်းစွာနေထိုင်လိုသော ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ် များကိုပါ ထိခိုက်လာနိုင်သဖြင့် မင်းတပ်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေအေးချမ်း သာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် အတွက် အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး ( Martial Law) အမိန့်ကို မေလ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့ရသည်။

    ထိုသို့ စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ပြီး မင်းတပ်မြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေအေးချမ်း သာယာရေးကို အရှိန်အဟုန်မြှင့် ဆောင် ရွက်ပေးရန်အတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက မင်းတပ်မြို့အတွင်း သွားရောက်စဉ် မေ ၁၄ ရက် နံနက်ပိုင်းတွင် မင်းတပ်မြို့၏ အရှေ့ဘက် မီတာ ၂၀၀၀ ခန့်အကွာ၌ ဆူပူအကြမ်းဖက်သူ အင်အား ၁၀၀၀ ဦးခန့်က လက်နက်ငယ်၊ ၄၀ မမ၊ တူမီးသေနတ်၊ လက်လုပ်မိုင်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့ရသည်။ ဖြစ်စဉ်တွင် မော်တော်ယာဉ် ၆ စီး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ရကာ တပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ပျောက်ဆုံးခဲ့ရသဖြင့် ပျောက်ဆုံးလျက်ရှိသော တပ်ဖွဲ့ဝင်များ အမြန်ဆုံးပြန်လည်တွေ့ရှိရေး ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။ ထို့အတူ မတူပီ-မင်းတပ် ကားလမ်းပေါ်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြမ်းဖက်သူများက တူမီးသေနတ်၊ လက်နက်ငယ်များဖြင့် ချောင်းမြောင်း တိုက်ခိုက်မှု စုစုပေါင်း (၅)ကြိမ် ပြုလုပ်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ပြန်လည်ပစ်ခတ်ခဲ့ကြောင်းနှင့် ဖြစ်စဉ်တွင် အကြမ်းဖက်သူ တစ်ဦးအား တူမီးသေနတ် ၁ လက်၊ လက်လုပ်မိုင်း ၄ လုံးနှင့်အတူ အသေဖမ်းဆီးရမိခဲ့သည်။

    လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မင်းတပ်မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းရေး၊ အကြမ်းဖက်သူများ ဝင်ရောက်နေထိုင် လှုပ်ရှားမှု မရှိစေရေး နေ့ညမပြတ် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းစွာနေထိုင်လိုသော ပြည်သူများ အနေဖြင့်လည်း ပါဝင်ပူးပေါင်း ဆောင်ရွက်သွားရန် လိုကြောင်းနှင့် အကြမ်းဖက်မှုများ ကို အားပေးခြင်း၊ ပါဝင်ကျူးလွန်သူများနှင့် စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုများကို ကျူးလွန်ဖောက်ဖျက်သူများအား တည်ဆဲဥပဒေများနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။