မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ အဖျက်အမှောင့်လုပ်ငန်း လုပ်ဆောင်ရန် လက်လုပ်မိုင်းယူဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့သည့်ဖြစ်စဉ် အား ဆက်လက်စိစစ်ခဲ့ရာ ဖောက်ခွဲရေးပစ္စည်းများ ထပ်မံသိမ်းဆည်းရမိ

နေပြည်တော်၊ မေ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၌ အဖျက်အမှောင့်လုပ်ငန်း လုပ်ဆောင်ရန် လက်လုပ်မိုင်းယူဆောင်လာစဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး အမျိုးသား ၁ ဦး ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်အား ဆက်လက်စိစစ်ခဲ့ရာမှ ဖောက်ခွဲရေးပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေ ၁၅ ရက် ညနေ ၄ နာရီခွဲခန့်တွင် ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာ စည်တောင်ရပ်ကွက်၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးအနီး လမ်းပေါ်၌ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ ဦးပွားခုံးကျော်တံတားအတိုင်း အောင်မြေသာစံ မြို့နယ်၊ မြောက်ပြင်အကွက်(၃၆)၊ ဆရာစံဈေးမြောက်ပေါက်နေ မြတ်မင်းဦး(ဘ) ဦးသစ်တင်ဦး မောင်းနှင်ပြီး ဘခက် (စိစစ်ဆဲ)စီးနင်းလာသော ဆိုင်ကယ်သည် အဖျက်အမှောင့်လုပ်ငန်း ပြုလုပ်ရန်အတွက် လက်လုပ်မိုင်း ၁ လုံးအား သိုဝှက်ယူဆောင်ခဲ့ပြီး မောင်းနှင်လာစဉ် အဆိုပါ နေရာအရောက် လက်လုပ်မိုင်းမှာ ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် ဘခက်၏ ဝဲဒူးတွင် ထိခိုက်ဒဏ်ရာရရှိခဲ့ကာ ထွက်ပြေးသွားခဲ့ပြီး ဆိုင်ကယ်မောင်းနှင်သူ မြတ်မင်းဦး ကို ဖမ်းဆီးရမိခဲ့ သည်။

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဖမ်းဆီးရမိသူ မြတ်မင်းဦး၏ နေအိမ်အား ဝင်ရောက်ရှာဖွေခဲ့ရာ ၎င်း၏နေအိမ်အတွင်းမှ ဓာတ်ခဲ ၄ လုံး၊ ဆိုင်ကယ် Batteryအိုး ၂ လုံး၊ အချိုရည် ဘူးဖြင့် ပြုလုပ်ထားသော စနက်တံပါ လက်လုပ်မိုင်း ၈ လုံး၊ Keypad ဖုန်းအဟောင်း ၄ လုံး၊ Tablet ဖုန်းအဟောင်း ၆ လုံး၊ ဝါယာကြိုးအပိုင်းအစများ၊ စားပွဲတင်နာရီ ၁ လုံး၊ Laptop ၁ လုံး၊ နှင့် နိုင်ငံတော်ဆန့်ကျင်ရေးစာသားပါ ဗီနိုင်း ၁ ခုတို့အား သိမ်းဆည်းရမိခဲ့သည်။

အဆိုပါဖြစ်စဉ်တွင် ထွက်ပြေးတိမ်းရှောင်သွားသူ ဘခက်(စိစစ်ဆဲ)အား ဖမ်းဆီးရမိနိုင်ရေးနှင့် ဖမ်းဆီးရမိသူ မြတ်မင်းဦးအား ဥပဒေနှင့်အညီ အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။