အမ်းမြို့၊ စာရုတောင်တောရကျောင်း၌ သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဒီဃနိကာယ ဝိဒူ ဘွဲ့တံဆိပ်တော်ရဆရာတော် ဘဒ္ဒန္တတေဇောသာရ အား ဂုဏဝိသိဌ ဂုဏ်ပြုပူဇော် ပွဲပြုလုပ်

နေပြည်တော်၊ မေ - ၁၆

ရခိုင်ပြည်နယ်၊ အမ်းမြို့၊ စာရုတောင်တောရကျောင်း၌ သာသနဓဇဓမ္မာစရိယ၊ ဝိနယဝိဒူ၊ ဒီဃနိကာယဝိဒူ ဘွဲ့တံဆိပ်တော်ရဆရာတော် ဘဒ္ဒန္တတေဇောသာရ အား ဂုဏဝိသိဌ ဂုဏ်ပြုပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြုလုပ်ရာ ဘန်းတောင် ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဝိလာသ အမှူးပြုသော သံဃာ တော်များကြွရောက် တော်မူကြပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက ဘန်းတောင်ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသည့် ပရိတ်တရားတော်များကို နာယူကြသည်။

ထို့နောက် မြို့နယ်သာသနာရေးမှူးက ဘွဲ့တံဆိပ်တော်ရ ဆရာတော်၏ ထေရုပ္ပတိ္တအား ဖတ်ကြားပူဇော်ခြင်းနှင့် ထေရဂုနပူဇနာ ဂါထာတော်ဖြင့်ပူဇော်ခြင်း များဆောင်ရွက်ပြီး တက်ရောက်လာကြသူများက ဆရာတော်အား ဘွဲ့တံဆိပ်တော်၊ ဘွဲ့လက်မှတ်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။

၎င်းနောက် တက်ရောက်လာကြသူများက ဘန်းတောင်ကျောင်း ဆရာတော်ထံမှ အနုမောဒနာတရားနာကြားကြပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သတင်းရရှိသည်။