ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်း၊ ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊  အရာထမ်း၊  အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များ အလိုက် မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင်သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့်  လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ မှော်ဘီမြို့နယ်၊  ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်နှင့် ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ရှိကျောင်းတိုက်များမှ သံဃာတော်များနှင့် သာသနာနွယ်ဝင်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့်   လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့နှင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့တို့ရှိကျောင်းတိုက်များမှ သံဃာတော် များအား နေ့ဆွမ်းများကိုလည်းကောင်း သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များ အလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ် လှူဒါန်းခဲ့ကြသည်။

ထို့ပြင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ အဘယသုတာရာမ ကျောင်းတိုက်နှင့် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မဟာရန်ကင်းတောင်ကျောင်းတိုက်တို့ရှိ သံဃာတော်များအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များရှိ နယ်လှည့်ဆေးကုသရေး အဖွဲ့များက လိုအပ်သည့်   ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း   သတင်း ရရှိသည်။