မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ သစ်တက်ကုန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲအား အကြမ်းဖက်သူလူတစ်စုက ဝင်ရောက်ဖျက်ဆီး

နေပြည်တော်၊ မေ ၂၀

မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ သစ်တက်ကုန်း ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲအား မေလ ၁၉ ရက်နေ့တွင် အကြမ်းဖက်သူလူတစ်စုက ဝင်ရောက်ဖျက်ဆီး ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ မေလ ၁၉ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ သစ်တက်ကုန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲအတွင်းရှိ ဗီရိုသော့ များအား အကြမ်းဖက်သူလူတစ်စုက ဖျက်ဆီးသွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ အဆိုပါကျောင်း ဝင်းအတွင်းရှိ ကျောင်းအုပ်ကြီး ရုံးခန်းအဝင် တံခါးဂျက်အား ဖျက်ဆီး၍ ရုံးခန်းအတွင်းရှိ ဗီရိုသော့ ၄ လုံး အား ရိုက်ဖျက်ကာ စားပွဲ ပေါ်တွင် ကျောင်းသုံးမှင်များ ပက်ဖျန်းထားသဖြင့် တန်ဖိုး ၁၀၀,၀၀၀ ကျပ်ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်တွင် နိုင်ငံတော်ပိုင်အဆောက်အဦကို ဝင်ရောက်ဖျက်ဆီးမှု ကျူးလွန်သူ များအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ် လျက်ရှိကြောင်း သိရသည်။