စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်ရှိ နန်စီပွန်နယ်မြေရဲစခန်းအား KIA အဖွဲ့က လာရောက်တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရရှိကာ တပ်ဖွဲ့ဝင်အချို့ပျောက်ဆုံး

နေပြည်တော်၊ မေ ၂၂
    
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်ရှိ နန်စီပွန်နယ်မြေရဲစခန်းအား KIA အဖွဲ့က လာရောက်တိုက်ခိုက်သဖြင့် ရဲတပ်ဖွဲ့ဝင် ၃ ဦးဒဏ်ရာရရှိကာ တပ်ဖွဲ့ဝင် အချို့ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
    
ဖြစ်စဉ်မှာ မေလ ၂၂ ရက်နေ့ နံနက် ၄ နာရီအချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်ရှိ နန်စီပွန်နယ်မြေရဲစခန်းအား KIA အဖွဲ့ က ရဲစခန်း၏ရှေ့မျက်နှာစာ၊ ဝဲ/ယာနှင့် နောက်ကျောတို့မှ သာလွန်အင်အား အသုံးပြုကာ လေးဘက်လေးတန်ဝန်းရံပိတ်ဆို့၍ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက် စီးနင်းတိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လည်ခုခံတိုက်ခိုက်ခဲ့ရာ နံနက် ၅ နာရီခွဲ အချိန်တွင် ပြန်လည်ဆုတ်ခွာသွားခဲ့သည်။
    
တိုက်ပွဲဖြစ်ပွားစဉ်အတွင်း ရဲတပ်ဖွဲ့ဝင် ၃ ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ပြီး ရဲစခန်းရှိ ရဲတပ်ဖွဲ့ဝင် အချို့ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
    
ပျောက်ဆုံးလျက်ရှိသော ရဲတပ်ဖွဲ့ဝင်များ ပြန်လည်ရှာဖွေတွေ့ရှိနိုင်ရေးနှင့် နန်စီပွန်နယ်မြေ ရဲစခန်းအား သာလွန်အင်အားအသုံးပြုကာ လာရောက်စီးနင်းတိုက်ခိုက်ခဲ့သည့် KIA အဖွဲ့အား ပိတ်ဆို့ချေမှုန်းနိုင်ရေးတို့အတွက်  တပ်မတော်စစ်ကြောင်းများနှင့် မြန်မာ နိုင်ငံရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။