မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးအတွက် လှည့်ကင်းဆောင်ရွက်စဉ် လက်နက်ကိုင်အကြမ်းဖက်သူ ၃ ဦးအား အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

နေပြည်တော်၊ မေ ၂၂
 

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးအတွက် လှည့်ကင်းဆောင်ရွက်စဉ် လက်နက်ကိုင်အကြမ်းဖက်သူ ၃ ဦးအား အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 

ဖြစ်စဉ်မှာ မေလ ၂၂ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်ရှိ လုံခြုံရေး

တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ခံစပ်ကုန်းကျေးရွာနှင့် ညောင်ဇင်ကျေးရွာကြားရှိ စင်္ကြာတောင်ပေါ်၌ အကြမ်းဖက်သူများက နိုင်ငံတော်ဆန့်ကျင်ရေးအတွက် အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ရန် လူစုခြင်း၊ ဖောက်ခွဲရေးနှင့် အကြမ်းဖက်အဖျက်အမှောင့်ဆိုင်ရာ လေ့ကျင့်ခန်းများ လေ့ကျင့်ခြင်း၊ ဖောက်ခွဲရေးပစ္စည်းများ ပြုလုပ်ခြင်းနှင့် လက်လုပ်သေနတ်များ ပြုလုပ်နေကြောင်း သတင်းအရ အဆိုပါတောင်ပေါ်သို့ သွားရောက်ပိတ်ဆို့ရှာဖွေဖော်ထုတ်နိုင်ရေး ဆောင်ရွက်ခဲ့သည်။
 

ထိုသို့သွားရောက်ခဲ့ရာ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် စင်္ကြာတောင်အလယ်သို့ ရောက်ရှိစဉ် အကြမ်းဖက်သူများအတွင်းမှ ကင်းစောင့်နေသော မြင်းခြံမြို့၊ အမှတ်(၁၄)ရပ်ကွက်နေ ရဲရဲထွန်း(ခ) ဖိုးရဲ (၂၂)နှစ် (ဘ) ဦးတင်ဝင်းပါ အမျိုးသား ၂ ဦးအား ဦးထုပ် ၁၀ လုံး၊ ကျောပိုးအိတ် ၁ လုံး တို့နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့ပြီး တောင်ထိပ်သို့ဆက်လက်ရှာဖွေခဲ့ရာ တောင်ထိပ်နားအရောက်တွင် လက်နက်ကိုင်အကြမ်းဖက်သူများက တူမီးသေနတ်၊ လက်လုပ် သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ လက်နက်ကိုင် အကြမ်းဖက်သူများမှာ တောင်၏အရှေ့ဘက်ခြမ်းမှ တောင်အောက်သို့ ဆုတ်ခွာထွက်ပြေး သွားခဲ့ပါသည်။
 

ဆက်လက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အဆိုပါတောင်၏ အရှေ့ဘက်ခြမ်းသို့ ဆက်လက် ရှာဖွေရာ တောင်ခြေရှိ တောင်ရှေ့ကန်ဘုန်းကြီးကျောင်းသို့ ရောက်ရှိစဉ် အဆိုပါဘုန်းကြီးကျောင်း၌ ခံစပ်ကုန်းကျေးရွာနေ ခင်မောင်ချင်း(ခ)ခြင်းလုံး၊ (၂၆)နှစ် (ဘ) ဦးဖိုးချိုအား လက်လုပ်သေနတ်အတို ၁ လက်၊ ဂက်စ်သေနတ် ၂ လက်၊ လက်လုပ်မိုင်း ၁၇ လုံး၊ ယမ်းထောင်းတံ ၉ ချောင်း၊ ကျည်ကာအင်္ကျီ ၂ ထည်၊ အနက်ရောင် လှျာထိုးဦးထုပ် ၂၄ လုံး၊ ပြောက်ကျားဦးထုပ်အဝိုင်း ၂၀ လုံး၊ ကျောပိုးအိတ် ၅ လုံး၊ လက်လုပ်မိုင်းပြုလုပ်ရာတွင် အသုံးပြုသည့် ယမ်း၊ မြေစီး၊ ကန့်၊ မူလီ၊ စကူများ ရောထည့်ထားသည့် စတီးဇလုံ ၁ လုံး၊ အနက်ရောင်ဝတ်စုံ ၃၀ စုံ၊ ကင်းဘတ်ဖိနပ် ၆ ရံ၊ ဘေးလွယ်အိတ် ၁ လုံး၊ မှိန်း ၄ ချောင်း၊ ခဲသီး ၂၀ လုံး၊ TYT တံဆိပ်ပါ အားသွင်းခုံ ၁ ခုတို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။
 

အထက်ပါဖမ်ဆီးရမိသူ အမျိုးသား ၃ ဦးအား အသေးစိတ်စစ်ဆေး၍ ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အဆိုပါအကြမ်းဖက်မှုဖြစ်စဉ်များတွင် ပါဝင်ပက်သက်သူများအား ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးဆိုင်ရာလုပ်ငန်းစဉ်များနှင့်အညီ နယ်မြေ အတွင်း ဆက်လက်ရှာဖွေဖော်ထုတ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။