စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်၌ ယခုနှစ်ပွင့်လင်းရာသီမှစ၍ ဆောက်လုပ်ရေးလုပ်ငန်းများ ပေါများနေသည့်အတွက် အုတ်အရောင်းအဝယ် သွက်နေပြီး အုတ်လုပ်ငန်း လုပ်ကိုင်သူများ ဝင်ငွေကောင်းမွန်ကြောင်း သိရသည်။
''အခုနှစ်အုတ်ဈေးက ပြီးခဲ့တဲ့နှစ်ထက် ဈေးမြင့်တယ်။ ဆောက်လုပ်ရေး လုပ်ငန်းတွေက အမှာများတယ်။ အခုနှစ်အုတ်ဈေးမြင့်တက်နေရတဲ့ အကြောင်းရင်းက လောင်စာဖြစ်တဲ့ ထင်း၊စပါးခွံ ဈေးနှုန်းတွေမြင့်တက်ပြီး လုပ်သားခတွေကလည်း ပြီးခဲ့တဲ့နှစ်တွေကလို ငွေကျပ် ၃ဝဝဝ၊ ၄ဝဝဝ နဲ့ မရတော့ဘူး။ အနည်းဆုံးအထွေထွေ လုပ်သားခကို ငွေကျပ် ၅ဝဝဝ နဲ့အထက်ပေးမှရတယ်''ဟု အုတ်လုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ပြောသည်။
ပြီးခဲ့သည့်နှစ်များက အုတ်တစ်ချပ်လျှင် ငွေ ၈ဝ ကျပ်ဝန်းကျင်သာ ရှိခဲ့ရာမှ ယခု အုတ်လှိုင်လှိုင်ပေါ်ချိန် အုတ်တစ်ချပ်လျှင် ငွေကျပ် ၁ဝဝ ဖြင့် အရောင်းအဝယ်ဖြစ်နေပြီး အုတ်အရည်အသွေးကောင်းမွန်လျှင် အုတ်တစ်ချပ်ကို ငွေကျပ် ၁၂ဝ အထိ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။