မန္တလေးမြို့၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့် မြနန်းစံကျော် ရွှေနန်းတော် ပရိဝုဏ်အတွင်း တည်ဆောက်ပြီးစီးခဲ့သည့် အမြောက်ပြတိုက်ဖွင့်ပွဲ နှင့် လွှဲပြောင်း ပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

နေပြည်တော် ၊ သြဂုတ် - ၂၈
     
မန္တလေးမြို့၊ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်သည့် မြနန်းစံကျော်ရွှေနန်း တော် ပရိဝုဏ်အတွင်း၌ ရှေးဟောင်းအမွေအနှစ် သမိုင်းဝင်အမြောက်များအား တစ်နေရာတည်းတွင် တစ်စုတစ်စည်းတည်း အများပြည်သူများ လေ့လာနိုင်စေရန် ရည်ရွယ်၍ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ လမ်းညွှန်ချက်ဖြင့် စစ်အင်ဂျင်နီယာတပ်ဖွဲ့နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနတို့ ပူးပေါင်းတည်ဆောက်ပြီးစီးခဲ့သည့် အလျား ၉၆ ပေ၊ အနံ ၇၇ ပေ၊ အမြင့် ၅၂ ပေ ၆ လက်မရှိ RC  တစ်ထပ် အမြောက်ပြတိုက် ဖွင့်လှစ်ခြင်း နှင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ မန္တလေးဌာနခွဲသို့ လွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် အဆိုပါ အမြောက် ပြတိုက်၌ ကျင်းပပြုလုပ်သည်။
    
အခမ်းအနားသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦး၊ ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း၊ စစ်အင်ဂျင်နီယာ ညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ် မျိုးသန့်၊ တိုင်းစစ်ဌာနချုပ်နှင့် မန္တလေးတပ် နယ်မှ တာဝန်ရှိသူများ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်နှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးက အမြောက်ပြတိုက်ရှေ့ရှိ အမြောက်ပုံစံငယ်တွင် အမြောက်ဆံ ထည့်သွင်း ပစ်ခတ်၍ အမြောက်ပြတိုက် ကမ္ဗည်းမော်ကွန်းနှင့် ဆိုင်းဘုတ်ကို ဖွင့် လှစ်ပေးပြီး အမြောက်ပြတိုက် ကမ္ဗည်းမော်ကွန်းကျောက်စာအား အမွှေးနံ့သာ ပတ်ဖျန်းပေးသည်။
    
ဆက်လက်၍ တိုင်းမှူးက အမြောက်ပြတိုက်လွှဲပြောင်းပေးအပ်ခြင်း မှတ်တမ်း လွှာကို ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ထံသို့ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများ သည် အမြောက်ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုခဲ့ကြသည်။
    
အဆိုပါ အမြောက်ပြတိုက်အတွင်း၌ ရှေးဟောင်းအမြောက် ၃၀ လက်နှင့် ဆက်စပ်ပစ္စည်းများကို စနစ်တကျခင်းကျင်းပြသထားပြီး တပ်မတော်မှ ငွေကျပ်သိန်း ပေါင်း ၃၅၀၀ ကျော်သုံးစွဲ၍ ဆောက်လုပ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။