COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများ၌ ဆက်လက်လက်ခံ

နေပြည်တော်၊ သြဂုတ် - ၂၈
    
Coronavirus Disease 2019 (COVID-19)  ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းနှင့် ရွှေညောင်မြို့ရှိ တည်းခိုရေးစခန်းတို့၌ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် နေပြည်တော်စစ်ကြောရေး နှင့် တည်းခိုရေးစခန်းသို့  တရုတ်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့မှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၁၈ ဦး၊ အမျိုးသမီး ၇ ဦး၊ လှိုင်မြို့နယ် စစ်ကြောရေးနှင့်တည်းခိုရေးစခန်းသို့  ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၈ ဦးနှင့် နယ်စပ်ဒေသေမြို့ဖြစ်သည့် မြဝတီမြို့မှ အမျိုးသမီး ၁ ဦးထပ်မံရောက်ရှိလာပြီး ရွှေညောင်မြို့ တည်းခိုရေး စခန်းသို့ ထပ်မံရောက်ရှိ လာသူမရှိကြောင်း သိရသည်။ 
    
စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ ၁၆ ဦးတို့ကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှုရေးစခန်းတို့မှ Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်း လက်မှတ်များနှင့် COVID-19  ရောဂါနှင့် ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်း များကို တာဝန်ရှိသူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်နှင့် တာဝန်ရှိသူများက စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင် ပေးခဲ့သည်။ 
    
ယနေ့ည ၇ နာရီအထိ နေပြည်တော် စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ၂၉၆ ဦး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း၌ ၁၉၂ ဦးနှင့် ရွှေညောင်မြို့ရှိ တည်ခိုးရေးစခန်း၌ ၇၅ ဦးတို့ကို အသီးသီးလက်ခံထားရှိပြီး စောင့်ကြည့်သူများအားလုံးမှာကျန်းမာရေးကောင်းမွန် လျက်ရှိကြောင်းနှင့် အဆိုပါသီးသန့်စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။