ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့တွင် ရောင်းချလျက်ရှိသော ခရမ်းချဉ်သီး များ ယခုရက်ပိုင်းတွင် ဈေးထက်ဝက်နီးပါး မြင့်တက်လာကြောင်း အရောင်းအဝယ် လုပ်ကိုင်သူများထံမှသိရသည်။
ယခင်ကာလများက ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ်၊ ကျောက်မဲ မြို့နယ်၊ နောင်ချိုမြို့နယ်တို့တွင် ခရမ်းချဉ် စိုက်ပျိုးရောင်းချမှုများပြားသည့်အပြင် အခြားမြို့နယ် များမှလည်း အနည်းငယ် စိုက်ပျိုးရောင်းချမှုရှိခဲ့သဖြင့် ဒေသအတွင်း ခရမ်းချဉ်သီးဈေး မြင့်တက်မှုမရှိဘဲ ယခုလိုရာသီ၌ ခရမ်းချဉ်သီး တစ်ပိဿာ ငွေကျပ် ၃ဝဝ၊ ၄ဝဝ ဖြင့် ဝယ်ယူစားသုံးနိုင်ခဲ့ကြသော်လည်း ယခုအခါ စိုက်ပျိုးရေ ခက်ခဲမှုဖြစ်ပေါ်လာသည့် အတွက် ဒေသအတွင်း ခရမ်းချဉ်သီး စိုက်ပျိုးသူနည်းပါးသွားသဖြင့် စားသုံးသူများ ဈေးကြီးပေးဝယ်နေရကြောင်း လားရှိုးမြို့ မြို့မဈေးကြီး ကုန်စိမ်းတန်းမှ ကုန်စိမ်းအရောင်းအဝယ် လုပ်ကိုင်သူ ဒေါ်တင်မေက ပြောသည်။
လားရှိုးမြို့တွင် ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများသည် တောင်ကြီး၊ အင်းလေး၊ မုံရွာမြို့နယ်နှင့် မန္တလေးတိုင်း ဒေသကြီးရှိ အချို့မြို့နယ်များမှ ထွက်ရှိသော ခရမ်းချဉ်သီးများကို ယခင်လက်ကားဈေး တစ်ပိဿာ ငွေကျပ်၅၅ဝ၊ ၆ဝဝ၊ လက်လီဈေးတစ်ပိဿာ ငွေကျပ် ၈ဝဝ၊ ၉ဝဝ ဖြင့် ရောင်းဝယ် လုပ်ကိုင်နေရာမှ ယခုအခါ လက်ကားဈေး တစ်ပိဿာ ငွေကျပ် ၁၆ဝဝ၊ ၁၇ဝဝ၊ လက်လီပြန်လည်ရောင်းချသူများ အနေဖြင့် တစ်ပိဿာငွေကျပ် ၁၉ဝဝ၊ ၂ဝဝဝ ဖြင့် ပြန်လည်ရောင်းချကြကြောင်း သိရသည်။