ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်၌ သံပရာပင်များ စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းလျက်ရှိပြီး နှစ်စဉ်သံပရာသီး များစွာထွက်ရှိကာ နွေရာသီကာလတွင် သံပရာသီး ဈေးနှုန်းကောင်းစွာ ရရှိသော်လည်း ယခုအခါ ဈေးနှုန်း ကျဆင်းလျက်ရှိကြောင်း သိရသည်။
ယခင်နှစ်များက သံပရာသီးဈေးနှုန်းမှာ သံပရာသီးတစ်လုံးလျှင် ငွေကျပ် ၇ဝ မှ ၁ဝဝ အထိရရှိပြီး ယခုနှစ်တွင် သံပရာသီးတစ်လုံး ငွေ ၅ဝ ကျပ်ခန့်သာရရှိ၍ ဈေးနှုန်းကျဆင်းမှုကြောင့် သံပရာခြံ စိုက်ပျိုးတောင်သူများ အနေဖြင့် ခူးဆွတ်ရောင်းချမှု နည်းပါးလာသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ သံပရာပင်စိုက်ပျိုး လုပ်ကိုင်သူ တောင်သူများစွာရှိပြီး သံပရာပင် စိုက်ပျိုးဧကမှာလည်း ဧကတစ်သောင်း ဝန်းကျင်ခန့်ရှိကာ ထွက်ရှိသည့် သံပရာသီးများကို အဝယ်ဒိုင်များမှ တစ်ဆင့်မွန်ပြည်နယ် မော်လမြိုင်မြို့နှင့် ရန်ကုန်မြို့သို့ သယ်ဆောင်ကာ ပြန်လည် ရောင်းချကြကြောင်း သိရသည်။