ရန်ကုန်အခေါက်ရွှေ တစ်ကျပ်သားလျှင် ငွေကျပ် ၁၃ သိန်းဝန်းကျင်တွင် အတက်အကျဖြစ်နေပြီး ဈေးကွက် အေးနေ

ရန်ကုန်ရွှေဈေးကွက်အတွင်း အခေါက် ရွှေတစ်ကျပ်သားလျှင် ငွေကျပ်  ၁၃ သိန်း ဝန်းကျင်တွင်  အတက်အကျဖြစ်နေပြီး သြဂုတ် ၂၈ ရက်တွင် ငွေကျပ် ၁၃ သိန်းအောက်  ကျဆင်းလျက်ရှိသော်လည်း ဈေးကွက်အေးနေကြောင်း ရန်ကုန်တိုင်းဒေသကြီး   ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဋ္ဌ ဦးမျိုးမြင့် ၏ပြောဆိုချက်အရ သိရသည်။

ကမ္ဘာ့ရွှေဈေးနှုန်းမှာ  ယခင်ရက်များက တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ  ၂ဝ၈ဝ ဝန်းကျင်အထိမြင့်တက်ခဲ့ပြီး လက်ရှိ တွင် အမေရိကန်ဒေါ်လာ ၁၉ဝဝ  ကျော် သာရှိကာ  အမေရိကန်ဒေါ်လာ  ၁ဝဝ  ဝန်းကျင် ကျဆင်းနေခြင်းဖြစ်သည့်အပြင် ပြည်တွင်း ငွေလဲနှုန်းလည်း   ကျဆင်းနေ သောကြောင့် ရန်ကုန်အခေါက်ရွှေဈေးနှုန်း ကျဆင်းနေခြင်းဖြစ်သည်။

''ဒီရက်ပိုင်းထဲမှာ အခေါက်ရွှေတစ်ကျပ် သားကို ငွေကျပ် ၁၃ သိန်းဝန်းကျင်မှာ အတက်အကျဖြစ်နေတယ်။  သြဂုတ် ၂၈ ရက်မှာ ငွေကျပ် ၁၃ သိန်းအောက်ကျသွား တယ်။   ကမ္ဘာ့ရွှေဈေးလည်း ကျတယ်။  ပြည်တွင်းဈေးလည်း ကျတယ်။   ဒါပေမဲ့ ကမ္ဘာ့ပေါက်ဈေးနဲ့ ပြည်တွင်းဈေးက အရမ်းကွာနေတော့ အများကြီး မကျနိုင်ဘူး'' ဟု ဦးမျိုးမြင့် ကပြောသည်။

ကမ္ဘာ့ပေါက်ဈေးနှုန်းနှင့် ပြည်တွင်း ဈေးနှုန်းမှာ လက်ရှိအချိန်ထိ တစ်ကျပ်သားလျှင်   ငွေကျပ်   တစ်သိန်းခွဲအထိ ဈေးနှုန်းကွာဟနေပြီး  လတ်တလောတွင် ဈေးကွက်အတွင်း ဈေးနှုန်းမြင့်တက်စဉ်က ဝယ်ယူထားသူများက ပြန်လည်ရောင်းချနေပြီး ဝယ်လိုအား နည်းနေကြောင်း သိရသည်။

''ဈေးကွက်ထဲမှာ  အရောင်းများနေတယ်။ တစ်ကျပ်သားကို ငွေကျပ် ၁၂ သိန်း လောက်နဲ့ ဝယ်ထားသူတွေက  အခုထိ ပြန်ရောင်းနေကြတုန်း ရှိသေးတယ်။ ဝယ်တဲ့သူနည်းပြီး  ရောင်းတဲ့သူများနေတယ်။ လောလောဆယ် COVID-19 ရောဂါ အခြေအနေကြောင့်  အရောင်းအဝယ် ရပ်သွားမယ့်သဘောရှိပါတယ်'' ဟု ဦးမျိုး မြင့်ကပြောသည်။

ကမ္ဘာ့ရွှေဈေးနှုန်းမှာ သြဂုတ် ၂၈ ရက် တွင် တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၄၁ ဒေါ်လာအထိရှိနေပြီး   ပြည်တွင်း ငွေလဲနှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင်  ပြင်ပပေါက်ဈေး ဝယ်ဈေး  ငွေကျပ် ၁၃၅ဝ နှင့် ရောင်းဈေး ငွေကျပ် ၁၃၆ဝ အထိရှိနေ ကြောင်း၊ သြဂုတ် ၂၈ ရက်တွင် အခေါက် ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၁၂၉၇ဝဝဝ ဖြင့် ဈေးဖွင့်ခဲ့ကြောင်း သိရသည်။