အိန္ဒိယနိုင်ငံရှိ ခါရက်ပူရနည်းပညာ တက္ကသိုလ်က နာကျင်မှု လုံးဝကင်းမဲ့စေမည့် ဆေးထိုးကိရိယာကို တီထွင်လိုက်ကြောင်း သိရသည်။
ထိုကိရိယာတွင် အလွန်သေးငယ်သော ဆေးထိုးအပ်များနှင့် အလွန်သေးငယ်သော ဆေးထိုးပိုက်များ ပါဝင်ကြောင်းနှင့် ဆေးထိုးအပ်များသည်အလွန်သေးငယ်သောကြောင့် လူနာအနေဖြင့် နာကျင်မှုကို ခံစားရစေမည် မဟုတ်ကြောင်း နည်းပညာ တက္ကသိုလ်ကပြောသည်။
ထိုဆေးထိုးအပ်သည် အရေပြားအောက် ဆေးသွင်းခြင်းစနစ်အတွက် အဓိက အရေးပါသော အစိတ်အပိုင်းဖြစ်ကြောင်း၊ ဆေးမော်လီကျူးပမာဏ အများအပြားကို ထိန်းချုပ်ထားသည့် အလွန်သေးငယ်သော ဆေးထိုးပိုက်မှတစ်ဆင့် အလွန်သေးငယ်သော ဆေးထိုးအပ်သို့ပို့လွှတ်ပြီး အရေပြားအောက်ထဲသို့ ဆေးသွင်းပေးမည်ဖြစ်သည်။
ဆေးထိုးအပ်၏ ပါးလွှာမှုမှာ လူ့ဆံပင်ထက်ပင် ပိုမိုပါးလွှာကြောင်းနှင့် အချင်းကိုလည်း လျှော့ချထားကြောင်း ထိုအပ်ကို တီထွင်သည့် အီလက်ထရွန်နစ်နှင့် လျှပ်စစ်ဖြင့် ဆက်သွယ်ရေး အင်ဂျင်နီယာဌာနက ပြောသည်။
သို့သော် လူနာကိုဆေးထိုးနေစဉ် ဆေးထိုးအပ်ကျိုးခြင်း မဖြစ်စေရန် ဆေးထိုးအပ်ကို ပိုမိုခိုင်မာအောင် လုပ်ပေးထားကြောင်းသိရသည်။
အင်ဆူလင်သွင်းခြင်း၊ သွေးပြန်ရည်စနစ်ရှိရောဂါများ အတွက် ဆေးထိုးခြင်း၊ အချို့ကင်ဆာရောဂါများအတွက် အရေပြားအောက် ဆေးထိုးခြင်းနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးခြင်းတို့ကို အဆိုပါ ဆေးထိုးအပ်ဖြင့် ကောင်းစွာ လုပ်နိုင်စေမည်ဖြစ်ကြောင်း ပါမောက္ခ တာရွန်ကန်တီဘတ်တာချာရီယာက ပြောသည်။