မြို့နယ်အချို့၌ လက်လုပ်သေနတ်များအား ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံ

နေပြည်တော်၊ ဇွန် ၁၀

 
တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့နယ်အချို့မှ လက်လုပ်သေနတ်များအား ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူများမှ တစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံကြောင်း သိရသည်။

ထိုသို့အပ်နှံခဲ့ရာတွင် ဇွန်လ ၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ခုံဇင်ကုန်းကျေးရွာအုပ်စုရှိ ပြည်သူတစ်ဦးမှ လက်လုပ်လေသေနတ် ၁ လက်အား လည်းကောင်း၊ မြန်အောင်မြို့နယ်၊ ဒေါင်းကျကျေးရွာအုပ်စုအတွင်းမှ လက်လုပ်လေသေနတ် ၁၁ လက် အားလည်းကောင်း၊ ဇလွန်မြို့နယ်၊ ပကွဲကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒူးလေး ၁ လက်၊ မြှားတံ ၂ ချောင်း၊ ဒူးလေးပြုလုပ်ရန် ပြင်ဆင်ထားသည့် သစ်သား ၁ ခုတို့အားလည်းကောင်း၊ မော်လမြိုင်ကျွန်း မြို့နယ်၊ ရေတွင်းကုန်းကျေးရွာမှ လက်လုပ်လေသေနတ် အဟောင်း ၁ လက်၊ လေထိုးတံ ၁ ချောင်း၊ ဒူးလေးအဟောင်း ၁ လက်တို့အားလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ်၊ နားပင် ကျေးရွာမှ လက်လုပ်ဂက်စ်သေနတ် ၁ လက်အားလည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်၊ စမ်းကလေးကျေးရွာမှ လက်လုပ်လေသေနတ် ၃ လက်တို့အားလည်းကောင်း အုပ်ချုပ်ရေးတာဝန်ရှိသူ များမှတစ်ဆင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ လက်နက်ကိုင်ဆောင်လိုခြင်းမရှိသည့် ပြည်သူလူထုမှ လာရောက်အပ်နှံသော လက်လုပ် သေနတ်များအား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စနစ်တကျ လက်ခံရယူခဲ့ပြီး သိမ်းဆည်းထားရှိကြောင်း သတင်းရရှိသည်။(ရဲပြန်ကြား)