စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၌ လက်လုပ်ဗုံး ပစ်ပေါက် ဖောက်ခွဲခဲ့သူ ၂ ဦးအား လက်လုပ်သေနတ် ၁ လက်၊ အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများနှင့်ဖမ်းဆီးရမိခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအဟောင်းနေအိမ်မှ အကြမ်းဖက်ပစ္စည်းများထပ်မံသိမ်းဆည်းရမိ

နေပြည်တော်၊ ဇွန် ၁၀

 
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၌ လက်လုပ်ဗုံးပစ်ပေါက်ဖောက်ခွဲခဲ့သူ ၂ ဦးအား လက်လုပ်သေနတ် ၁ လက်၊ အကြမ်းဖက်ရာတွင် အသုံးပြုသည့် ပစ္စည်းများအတူ ဖမ်းဆီးရမိခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးအဟောင်းနေအိမ်မှ အကြမ်းဖက်ပစ္စည်းများ ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

 
ဖြစ်စဉ်မှာ ဇွန်လ ၉ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန်တွင် ရွှေဘိုခရိုင်၊ အရာတော် မြို့နယ်၊ သလဲဘာကျေးရွာအုပ်စု၊ စပါးတွင်းကျေးရွာနေ ဒေါ်ဌေး(၅၄)နှစ် (ဘ)ဦးထိန်နီ၏နေအိမ် အား လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့သည့် အကြမ်းဖက်သူအမျိုးသား ၂ ဦးအား ဆိပ်ဖူးကြီး ကျေးရွာရှိ အကြမ်းဖက်မှုကို မလိုလားသည့် ကျေးရွာသူ၊ ကျေးရွာသားများက ဝိုင်းဝန်း ဖမ်းဆီး ထိန်းသိမ်းထားကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက် စစ်ဆေးခဲ့ရာ မုံရွာမြို့၊ နန္ဒဝန်ရပ်ကွက်နေ ကျော်မျိုးသူ(၂၆)နှစ် (ဘ)ဦးလင်းနှင့် အရာတော်မြို့နယ်၊ ရဲချင်းကျေးရွာနေ လေပွေ(ခ)မင်းဇော်ထွန်း (၂၆)နှစ် (ဘ)ဦးမြင့်တို့ ၂ ဦးအား အရှည် ၁၁ လက်မခန့် လက်လုပ်သေနတ် ၁ လက်၊ အကြမ်းဖက်ဖောက်ခွဲ တိုက်ခိုက်ရာတွင်သုံးပြုသည့် ပစ္စည်းများ တို့နှင့်အတူ ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး ၎င်းတို့ ၂ ဦးတွင် ထိခိုက်ဒဏ်ရာအနည်းငယ်ရရှိထားသဖြင့် ဆေးကုသမှု ခံယူနိုင်ရေး အရာတော် မြို့နယ်၊ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့သည်။

 
အဆိုပါ လက်ပစ်ဗုံးပေါက်ကွဲမှုကြောင့် လူနှင့် အဆောက်အဦထိခိုက်မှုမရှိကြောင်း နှင့် အဆိုပါ ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးအဟောင်းဖြစ်သူ ဦးတိုးရွှေ၏နေအိမ်တွင် ဖောက်ခွဲရေး ပစ္စည်း များရှိကြောင်း သတင်းအရ နေ့လယ် ၁၂ နာရီခွဲအချိန်တွင် ဝင်ရောက်ရှာဖွေရာ ဦးတိုးရွှေနှင့် မိသားစုများမှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိခဲ့ရပြီး နေအိမ်အတွင်း ဆက်လက်ရှာဖွေခဲ့ရာ နေအိမ်အတွင်းမှ M-67 လက်ပစ်ဗုံး ၂ လုံး၊ စနက်တံ ၄ ချောင်း၊ လက်လုပ်လေသေနတ် ၁ လက် တို့အား သိမ်းဆည်းရမိခဲ့သည်။

 
ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အရာတော်မြို့သို့ ပြန်လည်ထွက်ခွာလာစဉ် သလဲဘာတိုက်နယ်ဆေးရုံအနီးအရောက်၌ အဆိုပါဆေးရုံနှင့် ဆင်တလည်ကျေးရွာကြား လမ်းပေါ်၌ အကြမ်းဖက်သူများ ထောင်ထားခဲ့သည့် လက်လုပ်မိုင်း ၁၈ လုံးအား တွေ့ရှိရသဖြင့် သက်မဲ့ပြုလုပ် ရှင်းခဲ့ပြီး အဆိုပါနေရာအနီးမှ မီးပုလင်း ၂၅ လုံး၊ ဝါယာကြိုးခွေ အပိုင်းအစများ၊ NLD တံဆိပ်ပါ Mask ၃၀ ခုတို့အား ထပ်မံသိမ်းဆည်းရမိခဲ့သည်။

 
ဖြစ်စဉ်တွင် ဖမ်းဆီးရမိသူ ကျော်မျိုးသူပါ ၂ ဦးအား စစ်ဆေးလျက်ရှိပြီး ဥပဒေနှင့် အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အကြမ်းဖက်မှုလုပ်ရပ်များတွင် ပူးပေါင်း ပါဝင်ပတ်သက်သူများအားလည်း ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။