အယ်ဒီတာ့အာဘော်
(၂ဝ၂၁ ခုနှစ်၊ ဇွန် ၁၁ ရက်)
ဤလောက၌ သက်ရှိသတ္တဝါတိုင်းသည် သက်ရှည်ကျန်းမာ စိတ်ချမ်းသာချင်ကြသည်။ အေးအေးချမ်းချမ်း တည်တည်ငြိမ်ငြိမ် ဘဝကိုဖြတ်သန်း ရှင်သန်ချင်ကြသည်။ မိမိ၏နေထိုင်ရာ ပတ်ဝန်းကျင်တွင် စိုးရိမ်ထိတ်လန့် နေရသော အဖြစ်မျိုး မလိုလားကြပေ။ သို့သော် လက်ရှိအခြေအနေတွင် လူမှုပတ်ဝန်းကျင်ကို ဖျက်ဆီးနေသူ တချို့ရှိနေသည်။ ထိုလူတစ်စုကြောင့် ကောင်းမွန်ရိုးသားစွာ နေလိုသူတို့ စိတ်အနှောင့်အယှက် ကြုံတွေ့နေရသည်။ လူအများကို စိတ်ဆင်းရဲအောင် လုပ်ဆောင်သူသည် အသက်ရှည်နေသော်လည်း စိတ်ချမ်းသာမည် မဟုတ်ပါ။ သူတစ်ပါးကို ဒုက္ခပေးနေသူသည် မိမိကိုယ်တိုင် စိတ်ဒုက္ခမရောက်သေးဘဲ ပေးလို့မရပါ။ မိမိစိတ် အရင်ပျက်ပြီးမှ သူတစ်ပါးကို စိတ်ပျက်အောင် လုပ်နိုင်ပါသည်။
ယခုအခါ စိတ်ပျက်သူတွေ ဖျက်ဆီး၍ စိတ်ပျက်စရာတွေနှင့် ကြုံတွေ့နေကြရသည်။ စိတ်ပျက်သူဆိုသည်မှာ ဘဝတွင်စားဝတ်နေရေး၊ စီးပွားရေး မပြေလည်၍ စိတ်ပျက်နေသူ၊ အိမ်ထောင်ရေး၊ မိသားစု အရေးမပြေလည်၍ စိတ်ပျက်နေသူ၊ အလုပ်အကိုင်မရှိ၍ စိတ်ပျက်နေသူတို့ဖြစ်ပြီး ထိုသူတို့၏ စိတ်ဓာတ်သည် အပျက်ဘက်သို့ ဦးတည်နေသည့် အတွက် စိတ်ပျက်သူများ ဖြစ်လာကြသည်။ လောကတွင် ငွေကြေးရလျှင် ဘာမဆိုလုပ်မည့်သူ များပေါများလာသည်။ ငွေကြေးရှိသူတို့က စိတ်ပျက်နေသူကို အဖျက်လုပ်ငန်းများ လုပ်ရန် ငွေကြေးပေး၍ ခိုင်းစေကြသည်။
ခိုင်းစေသူနှင့် လုပ်ဆောင်သူတို့မှာ အကုသိုလ် အကျိုးပေးကား အတူတူပင် ခံစားကြရမည်ဖြစ်သည်။ တရားဥပဒေအရ ပြေး၍မလွတ်နိုင်သလို တရားတော်အရလည်း မိမိတို့ပြုသည့်ကံသည် မိမိတို့ပင်ခံရပေလိမ့်မည်။ မြန်မာ့သမိုင်းတွင် တစ်ခါမှ မကြားဘူးသော စာသင်ကျောင်းများကို မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဗုံးခွဲခြင်း၊ ဆရာ၊ ဆရာမများကို ကိုယ်ထိလက်ရောက် စော်ကားခြင်းမျိုးတို့ကို တွေ့မြင်လာရသည်။ ရှေးလူကြီးသုံးနှုန်းခဲ့သော စကားနှင့်ပြောရလျှင် မိုက်တွင်းနက်လိုက်တာ ဟူ၍ပြောရမည်ပင်။ မိုက်တွင်းနက်လွန်းသည်။ ကျေးရွာ၊ ရပ်ကွက်တစ်ခုတွင် စာသင်ကျောင်းတစ်ကျောင်း ဖြစ်လာရန်မှာ လွယ်ကူလှသည် မဟုတ်ပါ။ အထူးသဖြင့် ကျေးလက်ဒေသတွင် ပိုမိုခက်ခဲပါသည်။
ခရီးလမ်းပန်းဆက်သွယ်ရေး ခက်ခဲသော ဒေသအချို့တွင် စာသင်ကျောင်း ရှိသော်လည်း သင်ကြားပြသ မည့်ဆရာ၊ ဆရာမတို့ စဉ်ဆက်မပြတ်ရှိမနေတတ်ကြပါ။ ကျေးလက်တောရွာရှိ ကလေးသူငယ်များ စာတတ်ဖို့ အရေးသည် နိုင်ငံအတွက် အရေးကြီးလှသည်။ နိုင်ငံတစ်ခုတွင် စာတတ်သူ များပြားလာမှ နိုင်ငံဖွံ့ဖြိုးတိုးတက်မှု နှုန်းလည်း မြင့်မားလာမည်ဖြစ်သည်။ အချို့သော မိဘများသည် ငွေကြေး ချို့တဲ့လွန်းသဖြင့် ကလေးများကို ကျောင်းမထားနိုင်ကြပါ။ ဤသို့သော မိဘတွေများလာလျှင် နိုင်ငံအတွက် စိုးရိမ်ဖွယ်ဖြစ်သည်။ ထို့ကြောင့် အမျိုးသား ပညာရေးစနစ်တွင် အခမဲ့ပညာ သင်ကြားရေးကို ထည့်သွင်းထားခြင်းဖြစ်သည်။
ရှေးခေတ်က စာဆိုပညာရှင် ရဟန်းရှင်လူတို့သည် ပညာရေးနှင့်ပတ်သက်၍ ရေးသား ပညာပေးခဲ့သည့် စာပေများမှာ လွန်စွာများပြားသည်။ ''ယခုငယ်က၊ ကြိုးလုံ့လ၍၊ သုတပညာ၊ နေ့တိုင်းရှာလော့၊ ပညာမကြိုက်၊ ပျင်းရိမိုက်မူ၊ နောက်လိုက်ဝန်ထမ်း၊ အလုပ်ကြမ်းတွင်၊ တွေ့လေကျင်သည်၊ လူရှင်မှတ်ကြ၊ မပျင်းတည်း''ဟူ၍ စတုရင်္ဂဗလ အမတ်ကြီးက ရေးဖွဲ့ခဲ့သည်။ ပညာမတတ်လျှင် အလုပ်ကြမ်းလုပ်ရမည်မှာ မလွဲသောအမှန်တရား ဖြစ်သည်။ လူ့ဘဝတွင် ပညာရေးသည် ဤမျှမက အရေးကြီးနေပါလျက် ထိုပညာရေးကို နှောင့်ယှက်နေသူ အဖျက်သမားတို့ရှိနေသည်။
စာသင်ကျောင်းများကို မီးရှို့ခြင်း၊ ဗုံးခွဲခြင်းနှင့် ဗုံးခွဲရန် ကြိုးစားခြင်းတို့သည် လွန်စွာ မိုက်တွင်းနက်လှသည်။ ထိုလုပ်ရပ်သည် မြန်မာနိုင်ငံတွင် လုံးဝမရှိသင့်သော လုပ်ရပ်ဖြစ်သည်။ နိုင်ငံတကာမှာပင် ယခုကဲ့သို့ ပညာရေးနှင့် ပတ်သက်သော အဖျက်အမှောင့်လုပ်ရပ်များကို လက်ခံအားပေးခြင်း မရှိပေ။ မြန်မာနိုင်ငံတွင်မူ NLD ပါတီဝင်များနှင့် အစွန်းရောက် အကြမ်းဖက်သမားတို့က ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများကို CDM လုပ်ဆောင်စေခြင်း၊ မလုပ်ဆောင်သူများကို အသက်အန္တရာယ်ဖြစ်စေသည်အထိ ခြိမ်းခြောက်ခြင်းများ ပြုလုပ်လာသည်။ ၂ဝ၂၁ ခုနှစ် မေလ ၁ ရက်မှ ၂၆ ရက်အထိ တက္ကသိုလ်များ၊ အခြေခံပညာ စာသင်ကျောင်းများကို မီးရှို့ဖျက်ဆီးခြင်း ၁၈ ကြိမ်၊ ဗုံးခွဲခြင်းနှင့် ဗုံးခွဲရန်ကြိုးစားမှု ၁၁၅ ကြိမ်ရှိခဲ့သည်။ ထို့ပြင် ကျောင်းမတက်ရန် ဆန့်ကျင်စာကပ်ခြင်း၊ မှုတ်ဆေးများ အသုံးပြု၍ ဆန့်ကျင်/ခြိမ်းခြောက် စာသားများ ရေးဆွဲခြင်းများ စသည့် ယဉ်ကျေးသော လူမှုအသိုင်းအဝိုင်းက မည်သို့မျှ လက်ခံနိုင်ဖွယ် မရှိသည့် လုပ်ရပ်များကို လုပ်ဆောင်ခဲ့ကြသည်။ အဖျက်သမား ဆိုသည်မှာ လစ်လျှင်လစ်သလို အဖျက်လုပ်ရပ်များ လုပ်နေသည်ကို ပြည်သူအများစုကလည်း မိမိနှင့်မဆိုင်သလို မနေသင့်ကြပါ။ ထို့ကြောင့် ပြည်သူများအနေဖြင့် လူ့လောကတွင် မရှိသင့်သော မိုက်တွင်း နက်လွန်းသူများကို ပူးပေါင်း တိုက်ထုတ်ကြရန် ရေးသား လိုက်ရပေသည်။ ။