နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဝနတ်ထံစံလွန်တော်မူခဲ့သည့် ဈေးကုန်း ဆရာတော်ကြီး ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရ၏ ဥတုဇရုပ်ကလာပ်တော်အားဖူးမြော်

နေပြည်တော်၊ ဇွန် - ၁၁

ဘဝနတ်ထံစံလွန်တော်မူခဲ့သည့် နေပြည်တော်၊ ပျဉ်းမနားမြို့၊ ဈေးကုန်း ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန မဟာနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇ မဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တကဝိသာရ၏ ဥတုဇရုပ်ကလာပ်တော်အား ယနေ့ညနေပိုင်း တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သွားရောက်ဖူးမြော်သည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် ဈေကုန်းကျောင်းတိုက် ရွှေရတုဗိမာန် စံကျောင်းတော်အတွင်း အပူဇော်ခံထားရှိသည့် ဈေးကုန်းဆရာတော်ဘုရားကြီး၏ ရုပ်ကလာပ်တော်အား ဂါရဝပြုဖူးမြော်သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ဩဝါဒါစရိယ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညိုပြီး အန္တိမဈာပန သာဓုကီဠန ပူဇာသဘင် အခမ်းအနားကျင်းပမည့် အခြေအနေများအား ဩဝါဒါစရိယ ဆရာတော်ကြီးများထံ မေးမြန်းလျှောက်ထားပြီး ဩဝါဒခံယူသည်။

ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်း ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန မဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရသည် နိုင်ငံတော် ဩဝါဒါစရိယ တာဝန်ကို ထမ်းဆောင်တော်မူခဲ့ပြီး ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်ကြီးကို ပရိယတ္တိစာသင်တိုက်အဖြစ် ဖွင့်လှစ်တော်မူကာ စာသင်သားသံဃာအပါး ၃၀၀ ခန့်အား ပရိယတ္တိစာပေများကို စံလွန်တော်မူသည်အထိ သင်ကြားပြသပို့ချတော်မူပြီး ဦးဗု‌ဒ္ဓေါတောရရိပ်သာကြီးကို တည်ထောင်၍ ကမ္မဋ္ဌာန်း ကျင့်စဉ်များကို ကိုယ်တိုင်လည်းကျင့်ကြံတော်မူပြီး တပည့် သံဃာ၊ ဒါယကာ၊ ဒါယိကာမ၊ ယောဂီအပေါင်းတို့အားလည်း ကျင့်ကြံစေတော်မူကာ ပရိယတ်ပဋိပတ် ဓုရနှစ်ဖြာ သာသနာတော်ကို သက်ဆုံးတိုင် အားသွန်ကြိုးပမ်း ထမ်းဆောင်တော်မူလျက် ကျောင်းတိုက်ခွဲပေါင်းများစွာကိုလည်း ဖွင့်လှစ်တည်ထောင် ဆောင်ရွက်တော်မူခဲ့သည့် သာသနာ့အာဇာနည် မဟာထေရ်မြတ်ကြီးဖြစ်ပြီး သက်တော်(၉၅)နှစ် သိက္ခာတော် (၇၅) ဝါတွင် ဘဝနတ်ထံစံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။