ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းအား အကြမ်းဖက်သူများက လုပ်ကြံပစ်ခတ်သတ်ဖြတ်

နေပြည်တော်၊ ဇွန် ၁၀

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းအား အကြမ်းဖက်သူများက လုပ်ကြံပစ်ခတ်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၀ ရက်နေ့ နေ့လယ် ၃ နာရီ ၅၅ မိနစ်အချိန်တွင် ရန်ကုန်တိုင်း ဒေသကြီး၊ ဗိုလ်တစ်ထောင်မြို့နယ်၊ ရဲရိပ်သာရပ်ကွက်၊ ဗိုလ်တထောင်ဘုရား ဈေးရုံဝင်းရှိ ဆိုင်အမှတ် (D-5) ဒို့မြန်မာပန်းပုနှင့် နိဗ္ဗာန်ကုန်ဆိုင်ရှေ့၌ အမျိုးသား ၁ ဦး သေနတ် ပစ်ခံရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးရာ အဆိုပါနေရာ၌ တာမွေမြို့နယ်၊ မလွှကုန်းဌေးကြွယ်(က)ရပ်ကွက်နေ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၂၀၁၅ ခုနှစ် တိုင်းဒေသကြီး-၂ လွှတ်တော်ကိုယ်စားလှယ်(ဟောင်း) ဦးနေမျိုးအောင်(၅၆)နှစ် (ဘ)ဦးသိန်းအောင်သည် ယာနားအထက် ဖောက်ဝင်၊ ဝဲနားအထက်ဖောက်ထွက်ဒဏ်ရာ ၁ ချက်ရရှိထားသည်ကို တွေ့ရှိရပြီး အခင်းဖြစ်နေရာမှ USA 9 mm Luger ကျည်ခွံ ၁ ခု၊ ဈေးရုံနောက်ဖေးမှ ကျည်ခွံ ၁ ခုတို့အား တွေ့ရှိ သိမ်းဆည်းရမိခဲ့ပြီး ဒဏ်ရာရရှိသူ ဦးနေမျိုးအောင်အား တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ညနေ ၄ နာရီ ၄၅ မိနစ် အချိန်တွင် ဆေးရုံ၌ သေဆုံးသွားခဲ့သည်။

ပစ်ခတ်လုပ်ကြံမှုဖြစ်စဉ်နှင့်ပတ်သက်၍ စိစစ်ရာ ဦးနေမျိုးအောင်သည် ဒို့မြန်မာပန်းပုနှင့် နိဗ္ဗာန် ကုန်ဆိုင် ပိုင်ရှင်ဖြစ်သူ ဦးခင်ဇော်နှင့် အဆိုပါဆိုင်ရှေ့၌ စကားပြောနေစဉ် အကြမ်းဖက်သူအမျိုးသား ၁ ဦး (စိစစ်ဆဲ)က ၎င်းဆိုင်ခန်း၏ဝဲဘက်မျက်စောင်းထိုးရှိ ပိတ်ထားသော ဆိုင်ခန်း ၂ ခန်းအနီးမှ ဦးနေမျိုးအောင် အား သေနတ်အမျိုးအစား(စိစစ်ဆဲ)ဖြင့် ၁ ချက် ပစ်ခတ်၍ ဈေးရုံအနောက်သို့ ထွက်ပြေးစဉ် သေနတ်ဖြင့် ၁ ချက် ထပ်မံပစ်ခတ်ကာ YGN 4G/4857 Probox အဖြူရောင်ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသွားခြင်း ဖြစ်ကြောင်းသိရှိရသည်။

အထက်ပါဖြစ်စဉ်မှ လွှတ်တော်ကိုယ်စားလှယ်ဟောင်းအား ရက်စက်စွာလုပ်ကြံသတ်ဖြတ်ခဲ့သည့် အကြမ်းဖက်သမားများအား ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။