စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ကျောင်းသူ၊ ကျောင်းသားများ အေးချမ်းစွာ စာပေသင်ကြားမှုကို မလိုလားသည့် အကြမ်းဖက်သူများက စာသင်ကျောင်းအား မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇွန် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၌ ကျောင်းသူ၊ ကျောင်းသားများ အေးချမ်းစွာ စာပေ သင်ကြားမှုကို မလိုလားသည့် အကြမ်းဖက်သူများက စာသင်ကျောင်းအား မီးရှို့ဖျက်ဆီးမှုပြုလုပ်ခဲ့ ကြောင်းသိရသည်။

ဖြစ်စဉ်မှာ ဇွန်လ ၁၀ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်အချိန်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဂေါက်ကွင်းတောင်ဘက်လမ်းရှိ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း အား ကျောင်းသူ၊ ကျောင်းသားများ အေးချမ်းစွာ စာပေသင်ကြားမှုကို မလိုလားသည့် အကြမ်းဖက်သူ လူတစ်စုက မီးပုလင်းဖြင့် ပစ်ပေါက်ခဲ့မှုကြောင့် ကျောင်းဝင်းအတွင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီးမီးလောင်မှုကြောင့် သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း ကျောင်းစောင့်နေအိမ် ၁ လုံး မီးလောင်ဆုံးရှုံးခဲ့ကာ အဆိုပါ နေရာအနီးမှ မီးစာတပ်ထားသည့် ဓာတ်ဆီပုလင်း ၁ လုံးအား တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး လူထိခိုက် ဒဏ်ရာရရှိမှုမရှိကြောင်း သိရသည်။

အထက်ပါဖြစ်စဉ်မှ စာသင်ကျောင်းအား မီးရှို့ဖျက်ဆီးမှုကျူးလွန်သူကို ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့် အညီအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။