ရွှေ့ဆိုင်းခဲ့သည့် ဆူဇူကီးဖလား ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဧပြီလအတွင်း ပြန်လည်ကျင်းပရန် အဆိုပြုထား

COVID-19 ရောဂါအခြေအနေကြောင့် ရွှေ့ဆိုင်းခဲ့သည့် ဆူဇူကီးဖလား ပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဧပြီလအတွင်း ပြန်လည် ကျင်းပရန် အဆိုပြုထားကြောင်း ဗီယက်နမ်နိုင်ငံအခြေစိုက်  Viet  Nam News သတင်းဌာနက ဖော်ပြထားသည်။

အာဆီယံဒေသတွင်း အဆင့်အမြင့်ဆုံးပြိုင်ပွဲဖြစ်သည့်  ဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၂၁  ခုနှစ်သို့  ရွှေ့ဆိုင်းလိုက်ကြောင်း အာဆီယံဘောလုံး အဖွဲ့ချုပ်က ဇူလိုင် ၃၀ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် အာဆီယံဘောလုံး အဖွဲ့ချုပ်သည် ရွှေ့ဆိုင်းခဲ့သည့် ဆူဇူကီးဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ်အတွင်း မြန်မာ့လက်ရွေးစင် အသင်းများ၏ နိုင်ငံတကာပြိုင်ပွဲ မရှိသည့် ကာလနှင့် ညှိနှိုင်း၍  ပြန်လည်ကျင်းပရန် စီစဉ်နေခြင်း ဖြစ်သည်။

အရှေ့တောင်အာရှဒေသတွင်း လက်ရွေးစင်အသင်းတချို့သည် ၂၀၂၁ ခုနှစ် နှစ်လယ်ပိုင်းတွင် ဂျပန်နိုင်ငံ၌ ကျင်းပမည့် တိုကျိုအိုလံပစ်ပြိုင်ပွဲနှင့်  နှစ်ကုန်ပိုင်းတွင် ဗီယက်နမ်နိုင်ငံ၌ကျင်းပမည့်   (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတို့ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

ထို့ကြောင့်  ယင်းပြိုင်ပွဲကာလများနှင့် မတိုက်ဆိုင်ဘဲ   အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲကို ဧပြီလအတွင်း ပြန်လည် ကျင်းပရန် ပြိုင်ပွဲဝင်နိုင်ငံတချို့က အဆိုပြုထားကြောင်း Viet  Nam News ကဖော်ပြထားသည်။

အာဆီယံဘောလုံး အဖွဲ့ချုပ်သည် ဆူဇူကီးဖလားပြိုင်ပွဲ အပါအဝင် ယခုနှစ်အတွင်း ကျင်းပမည့်   အာဆီယံဘောလုံးပြိုင်ပွဲ

အားလုံးကို  ၂၀၂၁  ခုနှစ်သို့  ရွှေ့ဆိုင်းခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကိုရဲ