အကြမ်းဖက်သောင်းကျန်းသူများ၏ မီးရှို့သတ်ဖြတ်ခြင်းခံရသော မင်းတပ်မြို့နယ်၊ တွီဒိန်ကျေးရွာ၊ ထေရဝါဒဗုဒ္ဓသာသနာပြုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ပညာဇောတ ၏ ရုပ်အလောင်းအား ပြန်လည်တွေ့ရှိ

နေပြည်တော်၊ ဇွန် - ၁၃

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်၊ တွီဒိန်ကျေးရွာရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ပညာဇောတ သည် ဇွန် ၇ ရက်နေ့တွင် ဟားခါးမြို့၌ ကျင်းပပြုလုပ်မည့် အစိုးရပထမပြန်စာမေးပွဲဖြေဆိုရန်အတွက် ဇွန် ၄ ရက် နေ့တွင် ကျောင်းပိုင် Nissan Note မော်တော်ယာဉ်ဖြင့် တစ်ပါးတည်းထွက်ခွာခဲ့ပြီး ပျောက်ဆုံးလျက်ရှိကြောင်းနှင့် မြေပြင်သတင်းအား ဆက်လက်ဖော်ထုတ်လျက်ရှိ ကြောင်း ဇွန် ၆ ရက်နေ့တွင် သတင်းထုတ်ပြန်ပြီးဖြစ်သည်။

ဆရာတော်အား မင်းတပ်-မတူပီ လမ်းပိုင်းတွင် အကြမ်းဖက်သောင်းကျန်း သူများက မီးရှို့သတ်ဖြတ်ခဲ့ကြောင်း သတင်းများရရှိသဖြင့် ဇွန် ၁၁ ရက်နေ့တွင် တောင်ပုလုကျောင်းတိုက်မှ ကပ္ပိယ ဦးလိန်းလောနှင့် ဒေသခံပြည်သူများက ဖြစ်စဉ် အတည်ပြုနိုင်ရေး သွားရောက်ရှာဖွေခဲ့ရာ  (၂၇)မိုင် (၇)ဖာလုံခန့်တွင် လမ်း၏ ဘယ်ဘက် ပေ(၅၀၀)ခန့်အကွာရှိ တောအတွင်း၌ မီးရှို့ခံထားရသည့် ခန္ဓာကိုယ်ပုံသဏ္ဍာန်နှင့်  ဆရာ တော်၏ မော်တော်ယာဉ်အား တွေ့ရှိခဲ့ရပြီး ဆရာတော် သတ်ဖြတ်ခံရမှု အခြေအနေ အား မြေပြင်အတည်ပြုနိုင်ခဲ့သည်။

အဆိုပါ သာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် ဆောင်ရွက်နေသည့် အပြစ်မဲ့ရဟန်းတစ်ပါးအား အကြမ်းဖက်သတ်ဖြတ်ခံရမှုနှင့် ပတ်သက်၍ တရားခံ များအား ဖမ်းဆီးရမိနိုင်ရေး မင်းတပ်မြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက် လျက်ရှိသည်။

အကြမ်းဖက်သောင်းကျန်းသူများအနေဖြင့် အပြစ်မဲ့ အရပ်သားများကို သတ်ဖြတ်မှုများအပြင် ယခုကဲ့သို့ သံဃာတော်များကိုပါ ရက်စက်ယုတ်မာစွာ သတ်ဖြတ်မှုလုပ်ဆောင်လာပြီး မည်သို့မှလက်ခံနိုင်ဖွယ်ရာမရှိသည့် အကြမ်းဖက် လုပ်ရပ်များအဖြစ်သို့ ကူးပြောင်းလာသည့်အတွက် နယ်မြေဒေသတည်ငြိမ်အေးချမ်း ရေးနှင့် ရပ်ရွာလုံခြုံရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသခံပြည်သူ လူထုနှင့်ပူးပေါင်း၍ လုံခြုံရေးလုပ်ငန်းများကို တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။