ချင်းပြည်နယ်၊ ပညာရေးဦးစီးဌာနအတွက် ပေးပို့သော ကျောင်းသုံးပုံနှိပ်စာအုပ်များအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့မှ မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဇွန် ၁၃

၂၀၂၁ ခုနှစ်၊ ဇွန်လ (ပထမပတ်)အတွင်းတွင် အထက်မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံ (မန္တလေး) မှ ဟားခါးခရိုင်ပညာရေးဦးစီးဌာနအတွက် (KG)တန်းမှ (Grade-4)တန်းအထိ ကျောင်းသုံးပုံနှိပ်စာအုပ် ၁၂၇၇၉၇ (တစ်သိန်းနှစ်သောင်းခုနှစ်ထောင်ခုနှစ်ရာကိုးဆယ့်ခုနှစ်) အုပ် တင်ဆောင်လာသော ကုန်တင် ယာဉ် ၂ စီးအား ရွာဗန်းကျေးရွာအနီး ဂန့်ဂေါ-ဟားခါး သွားကားလမ်း မိုင်တိုင် ၃၅ နှင့် ၄၀ အကြားတွင် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူအင်အားစုများမှ တားဆီးထိန်းသိမ်းခဲ့ပြီး ယာဉ်ပေါ် တင်ဆောင်လာသော ကျောင်းသုံးပုံနှိပ်စာအုပ်များအား ယာဉ်ပေါ်မှချထားခိုင်းကာ ယာဉ်များအား နောက်ကြောင်းသို့ ထွက်ခွာစေခဲ့ကြောင်း သိရသည်။

အဆိုပါနေရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ ပုံနှိပ်စာအုပ် ထုပ်များ ချထားခဲ့သည့်နေရာတွင် မီးရှို့ဖျက်ဆီးထားသည့် အခြေအနေကို တွေ့ရှိခဲ့ရသည်။

ချင်းပြည်နယ်အတွင်းရှိ ကလေးငယ်များအတွက် ကျောင်းဖွင့်ရာသီအတွင်း ပညာတတ်မြောက် စေရေးအတွက် နိုင်ငံတော်အစိုးရမှ စီမံမှုဆောင်ရွက်ပေးနေစဉ် အစွန်းရောက်လက်နက်ကိုင် အဖွဲ့အစည်းများ၏ အသိဉာဏ်မဲ့ ရက်စက်ယုတ်မာစွာဆောင်ရွက်ခဲ့မှုကြောင့် ချင်းပြည်နယ်အတွင်းရှိ ကလေးငယ်များအတွက်သာ နစ်နာမှုဖြစ်ပေါ်ခဲ့ရကြောင်းနှင့် ကမ္ဘာတစ်ဝှမ်းလုံးမှလည်း လက်ခံမှု မရှိသည့်အပြင် ဝါဒမှိုင်းအစွန်းရောက်လုပ်ရပ်များ ဆောင်ရွက်ခဲ့မှုအပေါ် ရွံရှာစက်ဆုပ်လျက်ရှိကြောင်း သိရှိရသည်။