အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသော စာအောင်သံဃာတော် များအား စာအောင်လက်မှတ်များနှင့် နေ့ဆွမ်းဆက်ကပ်

နေပြည်တော်၊ ဇွန် - ၁၃
    
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့၊ မင်္ဂလာအနောက် ကျောင်းတိုက်၌ ကျင်းပပြုလုပ်သည့် (၁၆)ကြိမ်မြောက် အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသော စာအောင်သံဃာတော်များအား ဂုဏ်ပြုချီးမြှင့်ခြင်း စူဠဘွဲ့ နှင်းသဘင်ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းတိုက်၌ ပြုလုပ်ရာ လွိုင်လင်မြို့၊ သာသနာဝိပုလဓာတ်တော်စာသင်တိုက် ပဓာနနာယက၊ ရှမ်းပြည်နယ်လုံးဆိုင်ရာ သံဃအဖွဲ့ချုပ် ဉက္ကဌဆရာတော် ဒေါက်တာ ဘဒ္ဒန္တပညာနန္ဒ နှင့် လွိုင်လင်မြို့၊ ရတနာ စည်စာသင်တိုက် ပဓာနနာယက ဆရာတော် နိုင်ငံတော်ဗဟိုသံဃဝန်ဆောင် အဂ္ဂ မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသီလာနန္ဒ တို့ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် လှမိုး နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက လွိုင်လင်မြို့၊ သာသနာဝိပုလ ဓာတ်တော်စာသင်တိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွားချီးမြှင့်တော်မူသော ပရိတ်တရားတော်များ နာယူကြသည်။
    
ထို့နောက် လွိုင်လင်မြို့၊ ရတနာစည်စာသင်တိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကြပြီး အစိုးရပါဠိပထမပြန်စာမေးပွဲ အောင်မြင်တော်မူကြသည့် စာအောင် သံဃာတော် ၂၅ ပါးကို တိုင်းမှူးနှင့် တာဝန်ရှိသူများက စာအောင်ဆုနှင့် နဝကမ္မအလှူ ငွေများ ဆက်ကပ်လှူဒါန်းကြသည်။

အလားတူ ရခိုင်ပြည်နယ်၊ အမ်းမြို့၊ ဝဏ္ဏိတာရာမပရိယတ္တိစာသင်တိုက်၌ အစိုးရပါဠိပထမပြန်စားမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသော သံဃာတော်များအား ဂုဏ်ပြုချီးမြှင့်ခြင်း စူဠဘွဲ့ နှင်းသဘင်ကို ယနေ့နံနက်ပိုင်းတွင် အမ်းမြို့၊ ဓမ္မရက္ခိတကုန်း၊ မြတ်စွယ် တော်ဓမ္မာရုံ၌ ပြုလုပ်ရာ မြို့နယ်သံဃနာယက ဉက္ကဌ ဆရာတော် ဘဒ္ဒန္တဝဏ္ဏိတ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

ဦးစွာ တက်ရောက်လာကြသူများက မြို့နယ်သံဃနာယက ဉက္ကဌ ဆရာတော် ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များက မေတ္တာသုတ်ပရိတ် တရားတော်များ ရွတ်ပွားချီးမြှင့်တော်မူကြသည်။

ထို့နောက် တာဝန်ရှိသူများက မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ဆရာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး အစိုးရပါဠိပထမပြန်စားမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသော သံဃာတော် ၉ ပါး နှင့် လူပုဂ္ဂိုလ် ၄ ဦးအား စာအောင်ဆုနှင့် အလှူငွေများလှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။