မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု

အယ်ဒီတာ့အာဘော်

(၂၀၂၁ ခုနှစ်၊  ဇွန်  ၁၄  ရက်)

(၆)ကြိမ်မြောက် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံခြားဝန်ကြီးများအစည်းအဝေးကို ဇွန်လ ၈ ရက်နေ့တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၌ကျင်းပသည်။ အစည်းအဝေးကို တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိနှင့် မြန်မာနိုင်ငံမှ ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်တို့က ပူးတွဲ သဘာပတိများအဖြစ်ဆောင်ရွက်ပြီး မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယား၊ လာအို၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများ တက်ရောက်ကြသည်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုသည် ဒေသတွင်းငြိမ်းချမ်းရေးနှင့် သာယာဝပြောရေးတို့ကို ဖော်ဆောင်သွားရန်၊ ဖွံ့ဖြိုးတိုး တက်မှုကွာဟချက်များကိုလျှော့ချရန်နှင့် ဒေသတွင်းနိုင်ငံများ၏ အလုံးစုံပါဝင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေး ကြိုးပမ်းမှုများအား အထောက်အကူပြုရန်ရည်ရွယ်၍ ၂၀၁၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများမှာ ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံတို့ဖြစ်သည်။

အစည်းအဝေးတွင် တတိယအကြိမ် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု နိုင်ငံ့ခေါင်းဆောင်များ အစည်းအဝေးမှ လမ်းညွှန်ချက် များကို အကောင်အထည်ဖော်မှုအခြေအနေများ၊ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် စီမံကိန်းများ၏ တိုးတက်မှုအခြေအနေများ၊ မဲခေါင်- လန်ချန်းပူးပေါင်းဆောင်ရွက်မှု၏ အနာဂတ်လုပ်ငန်းစဉ်များအပေါ် သုံးသပ်ဆွေး နွေးခဲ့ကြသည်။ ထို့ပြင် ဒေသတွင်းစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုရရှိစေရေးအတွက် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက် သွားကြရန် ထပ်လောင်းအတည်ပြုခဲ့ကြသည်။

မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု မူဘောင်အောက်တွင် ပြည်သူအချင်းချင်း အပြန်အလှန်ဆက်ဆံမှုမြှင့်တင်ရေး၊ လူငယ် ကဏ္ဍပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဆောင်ရွက်ရေး၊ အဖွဲ့ဝင်နိုင်ငံများ၏ မဲခေါင်-လန်ချန်း အတွင်းရေးမှူးရုံး/ပူးပေါင်း ညှိနှိုင်းရေး ရုံးများအကြား ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု၏ အရေးပါမှုကဏ္ဍ၊ မဲခေါင်-လန်ချန်းစီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးရပ်ဝန်းနှင့် အပြည်ပြည်ဆိုင်ရာ ကုန်း-ရေနှစ်သွယ် ကုန်သွယ်ရေးစင်္ကြံသစ်တို့အကြား ပေါင်းစပ်သွားရန်ဖြစ်သည်။

အနာဂတ်ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းစဉ်များတွင် ဒေသတွင်းဖွံ့ဖြိုးတိုးတက်မှုဦးစားပေးမူဝါဒဖြင့် ဆောင်ရွက်သွားမည်ဖြစ်သည်။ ၂၀၂၁ ခုနှစ် မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှု အထူးရန်ပုံငွေဖြင့် အကောင်အထည်ဖော်မည့် စီမံကိန်းများ စာရင်းကို အတည်ပြု ချမှတ်ခဲ့ရာ မြန်မာနိုင်ငံအတွက် အမေရိကန် ဒေါ်လာ ၈ သန်းကျော်တန်ဖိုးရှိ စီမံကိန်း ၂၂ ခုပါဝင်ကြောင်း သိရသည်။ မြန်မာ နိုင်ငံအနေဖြင့် အဆိုပါ စီမံကိန်းများအကောင်အထည်ဖော်ရန်အတွက် ရန်ပုံငွေကို မဲခေါင်-လန်ချန်း အထူးရန်ပုံငွေလက်ခံရရှိမည် ဖြစ်ပြီး ကျန်းမာရေး၊ သမားရိုးကျမဟုတ်သောလုံခြုံရေး၊ လုပ်ငန်းခွင်ပညာရေး၊ လူ့စွမ်းအားအရင်းအမြစ်၊ သဘာဝဘေး အန္တရာယ် ကာကွယ်ရေး၊ တိရစ္ဆာန်ရောဂါကာကွယ်ဆေးထုတ်လုပ်မှု၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ သစ်တော၊ နယ်စပ်ကုန်သွယ်ရေး၊ ခရီးသွားလာရေး၊ ဘဏ္ဍာရေးကဏ္ဍများတွင် အကောင်အထည်ဖော် ဆောင်ရွက် သွားမည်ဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့် တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ယိတို့ သီးခြား ဆွေးနွေးပွဲကျင်းပစဉ် ရှိရင်းစွဲဆွေမျိုးပေါက်ဖော်ဆက်ဆံရေးကို ပိုမိုမြှင့်တင်သွားရေး၊ မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကိုဆက်လက်အကောင် အထည်ဖော်သွားရေး၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများနှင့် မြန်မာပြည်သူများအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးရရှိရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှု ပိုမိုအားကောင်း လာစေရေး၊ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ်တစ်လျှောက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကိုထိန်းသိမ်းရန် ဆက်လက်ပူးပေါင်း ဆောင်ရွက်ရေးစသည့် ကိစ္စရပ်များကို ရင်းနှီးစွာအမြင်ချင်းဖလှယ်ခဲ့ကြသည်။

မဲခေါင်-လန်ချန်းနိုင်ငံများသည် မိသားစုစိတ်ဓာတ်ကိုအခြေခံ၍ အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်လေးစားယုံကြည်မှု၊ စည်းလုံးညီညွတ်မှုတို့ဖြင့် အခက်အခဲတိုင်းကို ရင်ဆိုင်ကျော်လွှားသွားကြရမည်ဖြစ်သည်။ မဲခေါင်-လန်ချန်းပူးပေါင်း ဆောင်ရွက်မှု သည် ပြည်သူများလက်တွေ့အကျိုးကျေးဇူးရရှိမှု၊ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နိုင်မှု၊ ထိရောက်မှုရှိမှုတို့ကြောင့် ၅ နှစ်ကာလအတွင်း အဖွဲ့ဝင်နိုင်ငံများ၏ ပြည်သူများသာမက နိုင်ငံတကာအသိုက်အဝန်းကပါ အသိအမှတ်ပြုလာပြီဖြစ်ပေသည်။ မဲခေါင်-လန်ချန်းဒေသ အတွင်း ကူးစက်ရောဂါများအား ကာကွယ်ထိန်းချုပ်၊ ကုသရေးတွင်အထောက်အကူဖြစ်စေရန် တရုတ်နိုင်ငံက ပြည်သူ့ ကျန်းမာရေး ဆိုင်ရာ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ ထူထောင်ပေးမှုကြောင့် ဒေသတွင်း ကျန်းမာရေးကဏ္ဍ မြင့်မားလာ မည်ဖြစ်သည်။

ထို့ပြင် မဲခေါင်-လန်ချန်းအနာဂတ် ပူးပေါင်းဆောင်ရွက်မှုတွင် ဒေသတွင်းနယ်စပ်ဖြတ်ကျော်မှုခင်းများဖြစ်သည့် လူကုန်ကူးမှု၊ တရားမဝင်ဆေးဝါးများထုတ်လုပ်ရောင်းဝယ်မှု၊ လက်နက်ကုန်ကူးမှု၊ သစ်တောထွက်ပစ္စည်းများအား တရားမဝင်ကုန်ကူးမှု တိုက်ဖျက်ရေးတို့ကို ပိုမိုအလေးထားဆောင်ရွက်နိုင်မည်ဖြစ်သည်။ မဲခေါင်-လန်ချန်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင်နိုင်ငံများအကြား ချစ်ကြည်ရင်းနှီးမှု၊ ဖွံ့ဖြိုးတိုးတက်မှုများသည့်ထက်မက ပိုမိုတိုးပွားစေကြောင်း ရေးသားလိုက်ရပေသည်။  ။