ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ရှိ မီးရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲရာတွင် ပါဝင်သူများအား ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖော်ထုတ်ဖမ်းဆီး

နေပြည်တော်၊ ဇွန် ၁၄

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့နယ်အတွင်း၌ မေလ ၂၆ ရက်နေ့ ညပိုင်းတွင် ကျွန်းသာယာကျေးရွာအနီးရှိ မီးရထားသံလမ်းမိုင်တိုင်အမှတ် ၁၂၅/၁၄ နှင့် ၁၅ အကြား လည်းကောင်း၊ ဇွန်လ ၈ ရက်နေ့ ညပိုင်းတွင် တောင်ကုန်းကျေးရွာအနီးရှိ မီးရထားသံလမ်းမိုင်တိုင် အမှတ် ၁၂၂/၂ နှင့် ၃ အကြားတွင်လည်းကောင်း အကြမ်းဖက်သူများ ထောင်ထားသည့် မိုင်းပေါက်ကွဲမှုကြောင့် မန္တလေးမှ ရန်ကုန်သို့ ခရီးသည်များ တင်ဆောင်ထွက်ခွာလာသော အမှတ်(၂)အစုန်ရထားသည် တွဲချော် တိမ်းစောင်းမှုများ ဖြစ်ပေါ်ခဲ့သည့်သတင်းများအား မေလ ၂၇ ရက်နေ့နှင့် ဇွန်လ ၉ ရက်နေ့တွင် သတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထိုကဲ့သို့ ခရီးသွားပြည်သူများ အသက်အန္တရာယ်ဖြစ်ပွားအောင် မီးရထားသံလမ်းပေါ်၌ မိုင်းထောင် ဖောက်ခွဲ၍ အကြမ်းဖက်မှုကျူးလွန်သူများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်း ဖော်ထုတ်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ဇွန်လ ၁၀ ရက်နေ့ ည ၇ နာရီအချိန် ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့၊ တောင်ကုန်းကျေးရွာအနီးရှိ မီးရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲရာတွင် ပါဝင် ခဲ့သူ ကညွတ်ကွင်းမြို့နေ ဟိန်းမင်းထွန်း(၂၂)နှစ် (ဘ)ဦးကြည်လွင်အား ကွင်းအရှေ့ (၂)ရပ်ကွက်၊ ရန်ကုန်-မန္တလေး ကားလမ်းဘေးရှိ “Station” KTV နှင့် စားသောက်ဆိုင်တွင် ဖမ်းဆီး ရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူ ဟိန်းမင်းထွန်း ၏ ထွက်ဆိုချက်အရ မီးရထားသံလမ်းအား မိုင်းထောင်ဖောက်ခွဲရာတွင် ၎င်းနှင့်အတူ ပါဝင်ခဲ့သူ ကွင်းအရှေ့ (၁)ရပ်ကွက်နေ ကောင်းပြည့်ဇော် (၂၇)နှစ် (ဘ) ဦးဝင်းလှိုင်ပါ အမျိုးသား ၇ ဦးတို့အား ဇွန်လ ၁၁ ရက် နံနက်ပိုင်းတွင် ၎င်းတို့၏ နေအိမ်အသီးသီးမှ ဖမ်းဆီးရမိခဲ့ပါသည်။
ဖမ်းဆီးရမိသူ ဟိန်းမင်းထွန်း၏ ထပ်မံထွက်ဆိုချက်အရ ဇွန်လ ၉ ရက်နေ့တွင် ၎င်းထံသို့ ဆံရှည်(ခ)နေလင်းထွန်း(စိစစ်ဆဲ)မှ လာရောက်အပ်နှံထားသော ဆာလာအိတ် ၁ ထုပ်အား ကွင်းအနောက် (၂)ရပ်ကွက်၊ ရွာလယ်လမ်းရှိ ဦးကြည်လွင်၏ နွားတင်းကုပ် အတွင်းရှိ စင်ပေါ်၌ သိမ်းဆည်းထားကြောင်း သိရှိရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်ရှာဖွေ ခဲ့ရာ အဆိုပါစင်ပေါ်မှ ဆာလာအိတ်အဖြူရောင်တစ်လုံးအား တွေ့ရှိရပြီး ဆာလာအိတ်အတွင်းမှ ရှေ့ထွက် မိုင်း ၁ လုံး၊ လက်ပစ်ဗုံး ၄ လုံး၊ လက်လုပ်မိုင်း အကြီး ၁ လုံး၊ လက်လုပ်မိုင်း အသေး ၃ လုံး၊ စနက်တံ ၅ ခု၊ တိုက်ကြိုး(ဝါယာကြိုး) ၂ ချောင်းတို့အား တွေ့ရှိသိမ်းဆည်းရရှိခဲ့ပါသည်။
ထိုကဲ့သို့ ဖောက်ခွဲရေးပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိသည့် မီးရထားသံလမ်းအား မိုင်းထောင် ဖောက်ခွဲမှုကျူးလွန်ရာတွင်ပါဝင်ခဲ့သူများဖြစ်သည့် ဟိန်းမင်းထွန်းပါ ၈ ဦးအား အသေးစိတ် ဆက်လက် စစ်ဆေးလျက်ရှိကြောင်းနှင့် ဖောက်ခွဲမှုကျူးလွန်ရာတွင် ပူးပေါင်းပါဝင်ပတ်သက်သူများအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။