မြို့နယ်အချို့ရှိ အေးချမ်းစွာနေထိုင်သော ပြည်သူလူထုအချို့အား လက်နက်ကိုင်အကြမ်းဖက်သူများနှင့် သောင်းကျန်းသူများမှ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်

နေပြည်တော်၊ ဇွန် ၁၄

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ မြို့နယ်အချို့တွင် အေးချမ်းစွာနေထိုင်သော ပြည်သူလူထု အချို့အား လက်နက်ကိုင်အကြမ်းဖက်သူများနှင့် သောင်းကျန်းသူများမှ အကြောင်းမဲ့ရက်စက်စွာ အကြမ်းဖက်ပစ်ခတ်သတ်ဖြတ်မှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ဇွန်လ ၁၃ ရက်မွန်းလွဲ ၁ နာရီ ၃၅ မိနစ်ခန့် တွင် မန္တလေး တိုင်းဒေသကြီး၊ တောင်သာမြို့၊ အမှတ်(၄)ရပ်ကွက်၊ အရှေ့ဈေးပတ်လမ်းရှိ “ယွန်းယွန်း” လျှပ်စစ်ပစ္စည်း အရောင်းဆိုင်ပိုင်ရှင်ဖြစ်သူ အမှတ်(၂)ရပ်ကွက်နေ ဒေါ်နှင်းနှင်းဝေ(ခ)ယွန်းယွန်း (၃၈)နှစ် (ဘ)ဦးညွှန့် သည် ၎င်းပိုင်ဆိုင်၌ ရှိနေစဉ် အကြမ်းဖက်သူအမျိုးသား ၂ ဦး က ဆိုင်ကယ်တစ်စီး ဖြင့်ရောက်ရှိလာပြီး ပစ္စတိုသေနတ် ဟုယူဆရသည့် သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေးသွားခဲ့သဖြင့် ဒေါ်နှင်းနှင်းဝေတွင် ကျည်ဖောက်ထွက်ဒဏ်ရာ ၁ ချက်ရရှိခဲ့သဖြင့် တောင်သာပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိခဲ့ ပြီး အဆိုပါ ဆိုင်ရှေ့လမ်းမပေါ်မှ 9mm Luger ကျည်ခွံ ၁ ခုအား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အလားတူ မွန်းလွဲ ၃ နာရီခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ ကြည်ရွာ ကျေးရွာ၏မြောက်ဘက်ရှိ မူးဘောင်အနီး၌ အမျိုးသမီး ၂ ဦးဓားဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးသိန်းဇော်၏ သမီးများဖြစ်ကြသော ဒေါ်လှစန္ဒာ(၄၅)နှစ်နှင့် အခြေခံပညာအထက်တန်းကျောင်းခွဲ (ဆပ်ပြာကျင်း)မှ အလယ်တန်းပြဆရာမ ဒေါ်သန်းသန်းဆင့် (၃၅)နှစ်တို့ဖြစ်ကြောင်း သိရှိရပြီး ၎င်းတို့ နှစ်ဦး၏ ချိုင်းအောက်၊ ဝဲရင်အုံ၊ ဝမ်းဗိုက်၊ နောက်ကျောတို့တွင် ထိုးသွင်းဒဏ်ရာ၊ ဦးခေါင်းပြတ်ရှ ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အလောင်းများအား ဒီပဲယင်းဆေးရုံကြီးသို့ ပို့ဆောင် ထားရှိခဲ့ပြီး ဖြစ်စဉ်အား စုံစမ်းခဲ့ရာ ၎င်းတို့နှစ်ဦးအား အဆိုပါကျေးရွာနေ တင်မောင်မျိုး(၃၀)နှစ် (ဘ)ဦးညိုနှင့် CDM ပြုလုပ်ထားသည့် အခြေခံပညာအထက်တန်းကျောင်း(ကြည်ကျေးရွာ)မှ မူလတန်းပြ ဆရာ စိုးဇေယျာ(၂၅)နှစ်တို့မှ ရက်စက်စွာသတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၁၄ ရက် နေ့လယ် ၁ နာရီ ၅ မိနစ်ခန့် တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းကျေးရွာ၌ ပစ်ခတ်မှုဖြစ်ပွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာရှိ ကတက်ချောင်းအတွင်း၌ ဒေသခံပြည်သူ ၄၀ ဦးခန့်တို့မှ ရေချိုးနေစဉ် ကတက်ချောင်းတံတားပေါ်မှ လက်နက်ကိုင်သောင်းကျန်းသူ အင်အား ၄ ဦး ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့သဖြင့် ချောင်းအတွင်း ရေချိုးနေသည့် ကင်းမွန်ချောင်းကျေးရွာနေ ဦးဇေယျာမျိုး(၂၄)နှစ် (ဘ)ဦးမောင်မြင့်၊ ဦးစနေမောင်မောင်(၄၃)နှစ် (ဘ) ဦးမောင်ကို၊ ဒိုက်ဦးမြို့၊ ဖအောင်ကျေးရွာနေ ဦးသူရထွန်း(၃၆)နှစ် (ဘ)ဦးဌေးဝင်းနှင့် ဘီးလင်းမြို့၊ ညောင်ချောင်းကျေးရွာနေ မောင်ရဲရင့်မိုး(၁၇)နှစ် (ဘ)ဦးငွေရတို့တွင် သေနတ်ထိမှန်ဒဏ်ရာများ အသီးသီး ရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင်ရေး ကျိုက်ထိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကုသစဉ် ဒဏ်ရာရရှိသူများအနက် ဦးဇေယျာမျိုးမှာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ အေးချမ်းစွာနေထိုင်ကြသော ပြည်သူလူထုများအား အကြောင်းမဲ့ ရက်စက် ယုတ်မာစွာ ပစ်ခတ်သတ်ဖြတ်မှု ကျူးလွန်ခဲ့သည့် အကြမ်းဖက်သမားများနှင့် သောင်းကျန်းသူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အပြစ်ပေးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။