နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရ (သာသနဓဇ သိရီပဝရ ဓမ္မာစရိယ) ၏ အန္တိမ အဂ္ဂိဈာပန သာဓုကီဠန ပူဇာသဘင်အခမ်းအနား ကျင

နေပြည်တော်၊ ဇွန် - ၁၄

ဘဝနတ်ထံစံလွန်တော်မူခဲ့သည့် နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာ ရာမ ဈေးကုန်းပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ၊ ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရ (သာသနဓဇ သိရီပဝရ ဓမ္မာစရိယ) ၏ အန္တိမအဂ္ဂိဈာပနသာဓုကီဠန ပူဇာ သဘင်အခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့ ၊ မဟာဝိသုတာရာမ ဈေးကုန်းပရိယတ္တိစာသင်တိုက်၌ကျင်းပပြုလုပ်သည်။

အဆိုပါအန္တိမအဂ္ဂိဈာပနသာဓုကီဠန ပူဇာသဘင်အခမ်းအနားသို့ နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မင်းကျောင်းဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာ ဘိဝံသ၊ သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇ မဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ မဟာဓမ္မ ကထိက ဗဟုဇနဟိတဓရ၊ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ တွဲဖက် ရွှေကျင်သာသနာပိုင် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရ အမှူးပြုသော ဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီအဖွဲ့ဝင်များ၊ ကောင်စီအတွင်းရေးမှူးနှင့် တွဲဖက် အတွင်းရေးမှူး၊ ပြည်ထောင်စုဝန်ကြီးများ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် ဒါယကာ၊ ဒါယိကာမများ၊ ဝတ်အသင်းအဖွဲ့များ တက်ရောက်ပူဇော်ကြသည်။

ဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်၊ သန်လျင်မင်းကျောင်း ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တ စန္ဒိမာ ဘိဝံသထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အခမ်းအနား တက်ရောက်လာကြသည့် ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချု်ပမှူးကြီး စိုးဝင်း၊ သာသနာရေးနှင့်ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုနှင့် ဥပါသကာများက ဆရာတော်ကြီး၏ ဥတုဇ ရုပ်ကလာပ်တော်အား စိန်ကတ္တီပါလွှမ်း၍ပူဇော်သည်။
ထို့နောက် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့၏ သံဝေဂပွားတော်မူကြောင်း သဝဏ်လွှာကို နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တွဲဖက်အကျိုးတော်ဆောင် မိုးကုတ်မြို့၊ ညောင်သုံးပင်ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ၊ အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ၊ ဓမ္မကထိက ဗဟုဇနဟိတဓရ ဒေါက်တာ ဘဒ္ဒန္တ တေဇောသာရာ ဘိဝံသကလည်းကောင်း၊ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့နှင့် ပခုက္ကူမဟာ ဝိသုတာရာမကျောင်းတိုက်တို့မှ ပေးပို့သည့် ဝမ်းနည်းကြောင်းသဝဏ်လွှာနှင့် သံဝေဂတရား ဖြစ်ပွားရပါကြောင်း သဝဏ်လွှာကို မန္တလေးမြို့၊ မိုးကုတ်ရိပ်သာ ရွှေဓူဝံ ဆရာတော် အရှင်ဇဝန ကလည်းကောင်း၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဝမ်းနည်းကြောင်း သဝဏ်လွှာကို ပြည်ထောင်စုဝန်ကြီးကလည်းကောင်း အသီးသီး ဖတ်ကြားပူဇော်ကြ သည်။
၎င်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် အခမ်းအနား တက်ရောက်လာကြသူများက ဆရာတော်၊ သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ ရွှေကျင်နိကာယ ဥပဥက္ကဋ္ဌ ၊ တွဲဖက်ရွှေကျင်သာသနာပိုင် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရထံမှ ဓမ္မသံဝေဂကထာ တရားနာကြား၍ ရေစက်သွန်းချ အမျှ ပေးဝေကြသည်။
ယင်းနောက် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ ယဉ်ကျေးမှုအဖွဲ့များက သိင်္ဂါသံတေးထပ်ဖြင့် သီကျူးပူဇော်ကြသည်။ ထို့နောက် တပည့်ဒါယကာ၊ ဒါယိကာမများက အပြစ်ရှိကခွင့်လွှတ်တော်မူရန် တောင်းပန် ကန်တော့၍ ဆရာတော်ဘုရားကြီးအား နောက်ဆုံးတောင်းပန်ကန်တော့ကြသည်။

ယင်းနောက် အခမ်းအနားမှူးက ဆရာတော်ကြီး၏ရုပ်ကလာပ်တော်အား ကရဝိက်ယာဉ်ပေါ်သို့ ကြွချီတော်မူပါရန် အဘိယာစန နိမန္တနဂါထာဖြင့် တောင်းပန် လျှောက်ထားပြီး ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား ကရဝိက်ယာဉ်ပေါ်သို့ အစီအစဉ်အတိုင်းပင့်ဆောင်ကြပြီး လောင်တိုက်တော်တည်ရှိရာ ဥပ္ပါတသန္တိ စေတီတော် ဘုရားပွဲတော်ကွင်းသို့ ပင့်ဆောင်ကြသည်။

ဆက်လက်ပြီး ရုပ်ကလာပ်တော်အား လောင်တိုက်တော်ပေါ်သို့ ကြွချီတော်မူ ပါမည့်အကြောင်း အဘိယာစန နိမန္တနဂါထာဖြင့် တောင်းပန်လျှောက်ထားပြီး ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား လောင်တိုက်ပေါ်သို့ အစီအစဉ်အတိုင်း ပင့်ဆောင်ကြသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ ဒုတိယ ဥက္ကဋ္ဌနှင့် အခမ်းအနားတက်ရောက်လာကြသူများက ဆရာတော်ကြီး၏ ရုပ်ကလာပ် တော်အား ဖူးမြော်ကြည်ညိုကြသည်။ ယင်းနောက် သံဃာတော်အရှင်သူမြတ်များ ဦးဆောင်၍ အနိစ္စာ ဝတ သင်္ခါရာ အစချီသော သံဝေဂသုံးဂါထာကို ရွတ်ဆိုပွားများပြီး သာဓုသုံးကြိမ်ခေါ်ဆို၍ ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား အဂ္ဂိဈာပန တေဇောဓာတ်ဖြင့် ပူဇော်ခဲ့သည်။

ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမဈေးကုန်း ပရိယတ္တိ စာသင်တိုက် ဦးစီးပဓာန မဟာနာယက အဘိဓဇမဟာရဋ္ဌဂုရု ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရသည် နိုင်ငံတော် ဩဝါဒါစရိယ တာဝန်ကို ထမ်းဆောင်တော်မူခဲ့ပြီး ပျဉ်းမနားမြို့ မဟာဝိသုတာရာမ ဈေးကုန်းကျောင်းတိုက်ကြီးကို ပရိယတ္တိစာသင်တိုက်အဖြစ် ဖွင့်လှစ်တော်မူကာ စာသင်သားသံဃာအပါး ၃၀၀ ခန့်အား ပရိယတ္တိစာပေများကို စံလွန်တော်မူသည်အထိ သင်ကြားပြသပို့ချတော်မူပြီး ဦးဗုဒ္ဓေါတောရရိပ်သာကြီးကို တည်ထောင်၍ ကမ္မဋ္ဌာန်း ကျင့်စဉ်များကို ကိုယ်တိုင်လည်းကျင့်ကြံတော်မူပြီး တပည့် သံဃာ၊ ဒါယကာ၊ ဒါယိကာမ၊ ယောဂီအပေါင်းတို့အားလည်း ကျင့်ကြံစေတော်မူကာ ပရိယတ်ပဋိပတ် ဓုရနှစ်ဖြာ သာသနာတော်ကို သက်ဆုံးတိုင် အားသွန်ကြိုးပမ်း ထမ်းဆောင်တော်မူလျက် ကျောင်းတိုက်ခွဲပေါင်းများစွာကိုလည်း ဖွင့်လှစ်တည်ထောင် ဆောင်ရွက်တော်မူခဲ့သည့် သာသနာ့အာဇာနည် မဟာထေရ်မြတ်ကြီးဖြစ်ပြီး သက်တော်(၉၅)နှစ် သိက္ခာတော် (၇၅) ဝါတွင် ဘဝနတ်ထံစံလွန်တော်မူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

နေပြည်တော်၊ ပျဉ်းမနားမြို့၊ မဟာဝိသုတာရာမ ဈေးကုန်းပရိယတ္တိ စာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော်ဩဝါဒါစရိယ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တ ကဝိသာရ (သာသနဓဇ သိရီပဝရ ဓမ္မာစရိယ) ဈေးကုန်းဆရာတော်ဘုရားကြီး၏ သရီရဓာတုပဝါဟနပူဇာ ဓာတ်ပြာတော်များရေမျှော ပူဇော်ခြင်းအခမ်းအနားအား ပေါင်းလောင်းမြစ်အနီး၊ ကျည်တောင်ရွာ၌ ဇွန်လ ၁၅ ရက် တွင် ကျင်းပပြုလုပ် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။