ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး  

နေပြည်တော်၊ သြဂုတ် - ၃၀
  COVID-19  ရောဂါကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်း များ စားရေးသောက်ရေးတွင် အဆင်ပြေစေရန်အတွက် ယနေ့တွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ပြည်သူ့ဆေးရုံ၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ ဆေးရုံကြီးနှင့် ရပ်စောက်မြို့ပြည်သူ့ဆေးရုံ၊  ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ အထွေထွေ ရောဂါကုဆေးရုံကြီး၊ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ထုံးအိုင်ကျေးရွာတိုက်နယ်ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ လှိုင်သာယာမြို့နယ်၊ ပြည်သူ့ ဆေးရုံကြီး၊ အလုံမြို့နယ်၊ ရန်ကုန်အနောက်ပိုင်းဆေးရုံကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမျိုးသမီးနှင့်ကလေးဆေးရုံကြီး၊ မြောက်ဥက္ကလာပမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့ရှိ သင်ကြား ရေးနှင့် အထွေထွေရောဂါကုဆေးရုံကြီးများ၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နှင့် ဖျာပုံမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊  စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့ပြည်သူ့ဆေးရုံနှင့် ကလေးမြို့၊ ခရိုင်ပြည်သူ့ဆေးရုံ၊ မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ် ပြည်သူ့ဆေးရုံ၊ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ အထွေထွေရောဂါကုဆေးရုံကြီးတို့၌ တန်ဖိုးသင့် ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက် များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို တပ်မတော်သားများနှင့် မိသားစုဝင်များက သက်သာ သောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချရာတွင် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင် တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်စက်ရုံထုတ်စားသောက်ကုန်ပစ္စည်းများ၊ တန်ဖိုးသင့် ထမင်း၊ ဟင်းများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။