ယခုနှစ်တွင် ရော်ဘာဈေးကွက်ကောင်းမွန်၍ ဟုမ္မလင်းမြို့နယ်ရှိ ရော်ဘာ စိုက်ပျိုးသူများ အဆင်ပြေ

ယခုနှစ်တွင် ရော်ဘာဈေးကွက်ကောင်း မွန်၍ စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်း မြို့နယ်ရှိ ရော်ဘာစိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း   ဟုမ္မလင်းမြို့နယ် စိုက်ပျိုးရေး ဦးစီးဌာနမှ သိရသည်။

ပြီးခဲ့သည့်နှစ်က  ရော်ဘာတစ်ပေါင်လျှင် ငွေကျပ် ၇ဝဝ ကျော်သာဈေးရရှိပြီး ယခုနှစ်တွင်  ရော်ဘာတစ်ပေါင်လျှင် ငွေကျပ် ၇၄ဝ ရရှိကြောင်း သိရသည်။

''ဒီနှစ်  ရော်ဘာဈေးအနေနဲ့ ရော်ဘာ တစ်ပေါင်ကို  ငွေကျပ်  ၇၄ဝ   ရရှိပါတယ်။ ရော်ဘာဈေးကွက်က လအလိုက် ဈေးပြောင်းလဲမှု ရှိပါတယ်။ ကမ္ဘာ့ရော်ဘာ ဈေးနှုန်းပြောင်းတာနဲ့   ပြည်တွင်းရော်ဘာ ဈေးနှုန်းလည်း   ပြောင်းလဲမှုရှိတယ်။ ဟုမ္မလင်းမြို့နယ်က   တောင်သူတွေက ရော်ဘာတွေစုပြီး ဈေးကောင်းတဲ့အချိန် ကိုစောင့်ပြီးရောင်းကြတယ်'' ဟု ဟုမ္မလင်း မြို့နယ်  စိုက်ပျိုးရေးဦးစီးဌာန  မြို့နယ် ဦးစီးမှူး ဒေါ်စုစုထွေးက ပြောသည်။

ဟုမ္မလင်းမြို့နယ်မှထွက်ရှိသော ရော်ဘာစေးများကို   မန္တလေးဈေးကွက်သို့ တင်ပို့ရောင်းချကြပြီး ရော်ဘာတစ်ဧက စိုက်ပျိုးပါက   ကုန်ကျစရိတ်အနေဖြင့် ငွေကျပ် ငါးသိန်းကျော်ရှိကာ တစ်ဧကလျှင် ရော်ဘာ ပေါင် ၅ဝဝ မှ ၆ဝဝ  ကြားထွက်ရှိ၍ ဟုမ္မလင်းမြို့နယ် တစ်မြို့နယ်လုံးမှ ရော်ဘာပေါင် သုံးသိန်း ဝန်းကျင်ထွက်ရှိကြောင်း သိရသည်။

ဟုမ္မလင်းမြို့နယ်၌ ရော်ဘာကို ၂ဝ၁၅ ခုနှစ်မှစ၍ ဧက ၂ဝဝ ကျော်စိုက်ပျိုးခဲ့ပြီး လက်ရှိတွင် ၈၁၈၇  ဧကအထိ  တိုးချဲ့ စိုက်ပျိုးလာပြီဖြစ်ကြောင်း သိရသည်။