ရက်စက်ယုတ်မာစွာ လုပ်ဆောင်နေသူများ

မြန်မာနိုင်ငံအတွင်းတွင် ဆူပူအကြမ်းဖက်သောင်းကျန်းနေသူများအနေဖြင့် ယင်းတို့၏ ခံစားချက်တစ်ခုခုကြောင့် လက်နက်ကိုင်လမ်းစဉ်ကို ကျင့်သုံးနေသော်လည်း အဓိကအားဖြင့် ရှောင်ကြဉ်သင့်သည်မှာ လူသားတို့၏ ကျန်းမာရေး ကဏ္ဍနှင့်ပညာရေးကဏ္ဍ ဖြစ်သည်။ ထိုကဏ္ဍနှစ်ရပ်ကိုမူ မည်သည့်နည်းနှင့်မျှ ပျက်စီးအောင် မဖျက်ဆီးသင့်ပေ။ ကျန်းမာရေးကဏ္ဍနိမ့်ပါးနေလျှင်မည်သည့်နည်းနှင့်မျှ ကျန်းမာကြံ့ခိုင်သူများ ဖြစ်လာနိုင်မည်မဟုတ်ပေ။ ထို့အတူ ပညာရေးကဏ္ဍ နိမ့်ကျနေလျှင်လည်း ထိုလူငယ်တို့၏အနာဂတ်သည်လည်းကောင်း၊ နိုင်ငံတော်၏ အနာဂတ်သည် လည်းကောင်း ဖွံ့ဖြိုးတိုးတက်နိုင်မည် မဟုတ်ပေ။ ဤသည်မှာ မှန်ကန်သော အကြောင်းအချက်များဖြစ်သည်။

မြန်မာနိုင်ငံတွင်စစ်မှန်၍ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီကျင့်သုံးနေပြီဖြစ်ရာ သက်ဆိုင်ရာတိုင်းရင်း သားများ၏ အခွင့်အရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန်သာ ဖြစ်သည်။ စစ်ရေးနည်းလမ်းဖြင့် ဖြေရှင်း၍ အောင်မြင်သော ကိစ္စရပ်ဟူ၍ မြန်မာနိုင်ငံတွင် မတွေ့ရှိသေးပါ။ လက်နက်ကိုင်ဆောင်ခြင်းဖြင့် မိမိတို့နေရပ်ဒေသအတွက် ကောင်းကျိုးများဖြစ်ပေါ်လာခြင်း မရှိဘဲ ဆိုးကျိုးများသာ ဖြစ်ပေါ်လျက်ရှိသည်။ ကျောင်းများဖွင့်၍ ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်ခြင်းကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာသွားသည် မဟုတ်ပါ။ ကျောင်းဖွင့်၍ ကျောင်းတက်ခြင်းကို အားပေးရမည်သာ ဖြစ်သည်။

ယခုမူထိုသို့မဟုတ်ပေ။ ဇွန် ၁၄ ရက်ထုတ်သတင်းစာများတွင် ချင်းပြည်နယ်ပညာရေးဦးစီးဌာနအတွက် ပေးပို့သော ကျောင်းသုံးပုံနှိပ် စာအုပ်များအား လက်နက်ကိုင်သောင်းကျန်းသူအဖွဲ့က မီးရှို့ဖျက်ဆီးဟူသော ဝမ်းနည်းဖွယ် သတင်းတစ်ပုဒ်ကြား သိလိုက်ရသည်။ ၂၀၂၁ ခုနှစ် ဇွန်လ(ပထမပတ်)အတွင်း အထက်မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံ (မန္တလေး)က ပေးပို့သော ဟားခါးခရိုင် ပညာရေးဦးစီးဌာနအတွက် (KG) တန်းမှ(Grade-4)တန်းအထိ ကျောင်းသုံး ပုံနှိပ်စာအုပ် ၁၂၇၇၉၇ အုပ်တင်ဆောင်သွားသည့် ကုန်တင်ယာဉ်နှစ်စီးအား ဂန့်ဂေါ-ဟားခါးသွားကားလမ်း မိုင်တိုင် ၃၅ နှင့် ၄၀ အကြား (ရွာဗန်းကျေးရွာအနီး)တွင် လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းသူအင်အားစုများက တားဆီး ထိန်းသိမ်းခဲ့ပြီး ယာဉ်ပေါ်တင်ဆောင်လာသော ကျောင်းသုံးပုံနှိပ် စာအုပ်များအား ယာဉ်ပေါ်မှချထားခိုင်းကာ ယာဉ်များအား နောက်ကြောင်းသို့ ထွက်ခွာစေခဲ့သည်။

အဆိုပါ နေရာသို့ လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက် စစ်ဆေးခဲ့ရာ ယာဉ်ပေါ်မှ ပုံနှိပ်စာအုပ်ထုပ်များ ချထားခဲ့သည့် နေရာတွင် မီးရှို့ဖျက်ဆီးထားသည်ကို တွေ့ရှိခဲ့ရသည်။ ချင်းပြည်နယ်အတွင်းရှိ ကလေးများ ပညာတတ်မြောက်စေရေးအတွက် ကျောင်းဖွင့်ရာသီအတွင်း နိုင်ငံတော်အစိုးရက စီမံဆောင်ရွက်ပေးနေစဉ် အစွန်းရောက်လက်နက်ကိုင်အဖွဲ့အစည်းများ၏ အသိဉာဏ်မဲ့ ရက်စက်ယုတ်မာစွာ ဆောင်ရွက်ခဲ့မှုကြောင့် ချင်းပြည်နယ်အတွင်းရှိ ကလေးငယ်များ နစ်နာမှုဖြစ်ပေါ်ခဲ့ရသည်။ ဤသည်မှာ ရက်စက်ယုတ်မာ ကောက်ကျစ်သော စိတ်ဓာတ်ဖြင့် အဖျက်လုပ်ရပ်များလုပ်ခြင်း ဖြစ်သည်။

အကြမ်းဖက်အဖျက်သမားတို့၏ လုပ်ရပ်များကြောင့် နစ်နာဆုံးရှုံးနေသည်မှာ ပြည်သူတို့၏ လူ့အခွင့်အရေးဖြစ်သည်။ မြန်မာနိုင်ငံတွင် အကြမ်းဖက်ဝါဒီများက လူမှုကွန်ရက်ပေါ်မှတစ်ဆင့် အကြမ်းဖက်မှုများ ဆက်တိုက်လုပ်ဆောင်ရန် လှုံ့ဆော်လျက်ရှိသည်။ ထိုသို့လှုံ့ဆော်သူများကြောင့် အောက်ခြေတွင် မိသားစုအခြေအနေ ပျက်ယွင်းသွားသူများလည်း များပြားလှသည်။ စိတ်ခံစားမှု လွယ်ကူမြန်ဆန်သော လူငယ်များကို တောတွင်းလက်နက်ကိုင် အဖြစ်သို့ ရောက်အောင် ပို့ဆောင်ပေးနေသည်မှာ ထိုအကြမ်းဖက်ဝါဒီများ ဖြစ်သည်။ လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူတို့သည် လူသားတို့ စောင့်ထိန်းအပ်သော ကျန်းမာရေးနှင့်ပညာရေး ကဏ္ဍများကိုပင် စောင့်ထိန်းရမှန်း မသိလောက်အောင် ဆိုးရွားလှသည်။

မကောင်းမှု ပြုသူများသည် မကောင်းကျိုးကိုသာခံစားရမည်မှာ မြေကြီးလက်ခတ်မလွဲသော အမှန်တရားဖြစ်သည်။ မည်သည့် ဘာသာတရားတွင်မဆို  ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်ပေလိမ့်မည်။ ပျက်စီးဆုံးရှုံးသွားသော စာအုပ်များအား အစားထိုးပြန်လည်ပေးရန် စာအုပ်အရန် မရှိခဲ့သော် နစ်နာမည်မှာ မိမိတို့ဒေသရှ ိကျောင်းသား၊ ကျောင်းသူများသာဖြစ်သည်။ ကျောင်းပညာရေးဆိုသည်မှာ မည်သည့်အစိုးရတက်တက်ရှိနေရမည်သာဖြစ်သည်။ ယနေ့ကျင့်သုံးနေသည်မှာလည်း အမျိုးသားပညာရေးစနစ် ဖြစ်သည်။ ထိုစနစ်သည် ယခင်အစိုးရနှစ်ဆက် တိုင်တိုင်ကျင့်သုံးခဲ့သောစနစ်သာ ဖြစ်သည်။ လက်ရှိနိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီလက်ထက်တွင် မည်သည့်ပညာရေးကိုမျှ ပြုပြင်ပြောင်းလဲခြင်း မရှိသေးပါ။ ပြောလိုသည်မှာ အကြမ်းဖက်လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် ပညာရေးကဏ္ဍပျက်စီးအောင် ဖျက်ဆီးနေခြင်းသည် အကျည်းတန် အရုပ်ဆိုးလွန်းလှသည်။ အဖျက်လုပ်ရပ်များကို ရပ်တန်းက ရပ်သင့်နေပြီဖြစ်သည်။ အကြမ်းဖက်လက်နက်ကိုင် သောင်းကျန်းသူများသည် ကျောင်းသား၊ ကျောင်းသူတို့၏ အနာဂတ်ကို ဖျက်ဆီးနေခြင်းဖြစ်သည်။ ရဟန်းရှင်လူပြည်သူ အပေါင်းအနေဖြင့် အချိန်မီပူးပေါင်းကာကွယ်တားဆီးကြမှသာ ကျောင်းသား၊ ကျောင်းသူများ၏ အနာဂတ်လှပမည်ဖြစ်သည်။ ထို့ကြောင့် ပြည်သူလူထုတစ်ရပ်လုံးက အကြမ်းဖက် အဖျက်သမားများကို ပူးပေါင်းတိုက်ထုတ်ရန် လိုအပ်နေပြီ ဖြစ်ကြောင်း ရေးသားလိုက်ရပေသည်။  ။