မှိုင်းတွေကိုဖယ်ရှားလို့ သားသမီးတို့ လက်ကိုဆွဲကာ ကျောင်းတော်သို့သွားကြစို့

ဇွန်လ ၁ ရက်နေ့။ မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ ကျောင်းနေအရွယ်များ လွယ်အိတ်ကိုယ်စီဖြင့် ကျောင်း သို့သွားကြသည့်နေ့။ ကျွန်တော်တို့ ရပ်ကွက်မှာလည်း ကလေးငယ်များ အန္တရာယ်ကင်းကင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ကျောင်းမှာ ပညာသင်ကြားနိုင်ရေးအတွက် ရပ်ကွက်လုံခြုံရေးအဖွဲ့   ဖွဲ့စည်းထားပါတယ်။ အလှည့်ကျ ဆိုပေမယ့်လည်း  ကျွန်တော်နဲ့မိတ်ဆွေသုံးယောက်ကတော့ နေ့စဉ်လုံခြုံရေး တာဝန်ယူကြမှာ ဖြစ်ပါတယ်။ ကလေးတွေ ကျောင်းလာတက်ကြတဲ့ ကလေးတွေကိုကြည့်ပြီး  ကျွန်တော့်ရင်ထဲအတိုင်းမရှိ ပီတိဖြစ်ရပါတယ်။ အခြေခံပညာမူလတန်းကျောင်းသို့စတက်ကြမည့် ကလေးများကို မိဘများက လက်တွဲခေါ်လာကြတဲ့ မြင်ကွင်း၊ ကျွန်တော်တို့  ရပ်ကွက်လုံခြုံရေးအဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ကျောင်းတွင်း၊ ကျောင်းပြင် လုံခြုံသတိစောင့်ကြည့်နေတဲ့ မြင်ကွင်း၊ ဆရာ/ဆရာမများက သူ့တပည့်လေးများကို အပြုံးနဲ့စောင့်ကြိုတဲ့ မြင်ကွင်း စတဲ့ကြည်နူးဖွယ်မြင်ကွင်းကြောင့် ကျွန်တော့်စိတ်ထဲ အတွေးတစ်ခုဝင်ရောက်လာပါတယ်။ အဲဒါကတော့ CRPH၊NUG တို့နဲ့ သူတို့ရဲ့ လက်ဝေခံဖြစ်တဲ့  “အကြမ်းဖက်တွေရဲ့ ကျောင်းမတက်နဲ့ ကျောင်းထွက်” ဆိုတဲ့လှုံ့ဆော်မှုကို ဆန့်ကျင်ကြောင်း ပြလိုက်တဲ့ပြယုဂ်တစ်ခုလို့ ဆိုချင်ပါရဲ့။ ဒီအတွေးကြောင့် ကျွန်တော်နှစ်ခြိုက်စွာ ပြုံးလိုက်မိပါရဲ့။

ကျောင်းဝင်းအတွင်းက ပျော်ရွှင်နေကြတဲ့ ကလေးတွေကို ကြည့်ပြီး ပီတိလေးဖြစ်နေတဲ့ အချိန်မှာ ကလေးငယ်လေး နှစ်ယောက်ရဲ့ အာခေါင်ခြစ်ပြီး ငိုကြွေးနေတဲ့အသံကြောင့် ကျွန်တော်လှမ်းကြည့် လိုက်ပါတယ်။

ဆရာမလေးနှစ်ယောက်က အဲဒီကလေးနှစ်ယောက်ကို ချော့မော့နေတာကိုလည်း တွေ့လိုက်ရပါတယ်။

အန္တရာယ်တစ်ခုခုကို    တွေ့လိုက်ကြလို့လားဆိုတဲ့ အသိစိတ်ကြောင့်  သူတို့ဆီသို့ ကျွန်တော်အပြေးတစ်ပိုင်း အမြန်လျှောက် သွားလိုက်ပါတယ်။ ကျွန်တော့်ကိုတွေ့တော့ ကလေးငယ်တစ်ယောက်က ကျွန်တော့်လက်ကိုကိုင်ပြီး “ဦးဦး- သားသားကျောင်းတက်ချင်တယ်”တဲ့။ ကျွန်တော်က “သားတို့ရဲ့ အဖေနဲ့အမေရော” လို့မေးလိုက်တော့ ခေါင်းခါပြီး  အဖေနဲ့အမေက မတက်ရဘူးတဲ့ဆိုပြီး ကျွန်တော့်ကိုဖက်ကာ ပိုမိုငိုကြွေး ပါတော့တယ်။ ဆရာမလေးတွေကို ကြည့်လိုက်တော့ စိတ်မကောင်းဖြစ်ပြီး မျက်ရည်လေးတွေဆို့လို့ နေပါတယ်။ ဆရာမတစ်ယောက်က ကျွန်မရဲ့တပည့်လေးတွေပါ၊ စာသိပ်တော်တာ ဟု အသံအက်အက် စိတ်မကောင်းစွာ ပြောပြပါတယ်။  မနက်ဖြန်ကျရင် သားတို့ကိုကျောင်းအပ်ဖို့ သားတို့ရဲ့မိဘတွေကို ဦးဦးလိုက်ပြောပေးမယ်နော်၊ အခု အိမ်ကိုပြန်ကြ၊ ဟုတ်ပြီလားလို့ ချော့မော့ပြောလိုက်တော့ ကလေးနှစ်ယောက် ခေါင်းညိတ်ပြီး လက်တွဲကာ ပြန်သွားကြပါတယ်။

သူတို့လေးတွေကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရသလို အဲဒီကလေးတွေရဲ့ မိဘတွေအပေါ် ဒေါသလေး ထွက်မိတာ အမှန်ပါ။ ဒီဒေါသဟာလည်း ကရုဏာဒေါသဖြစ်ပါတယ်။ တစ်ဆက်တည်းမှာပဲ သားသမီးတို့ရဲ့ ပညာရေးနဲ့ ပတ်သက်လို့ လောကနီတိ ဆုံးမစာကို ပြန်လည်သတိရမိပါတယ်။ လောကနီတိမှာ- - မိဘတို့သည် သားသမီးကို ငယ်စဉ်ကပင် အတတ်ပညာကို သင်ပေးရာ၏။

Parents  must  educate  the  children              while  young.- အတတ်ပညာကို သင်မပေးခဲ့မူ ဟင်္သာတို့အလယ်

          ၌ဥဗျိုင်းငှက်သည် မတင့်တယ်သကဲ့သို့ ပရိသတ်      ဗိုလ်ပုံအလယ်၌ မတင့်မတယ်ဖြစ်ရာ၏။

          If not, they will  be  unbecoming among          others  as  a  paddy-bird  is unbecoming            among  hamsas.    

- အတတ်ပညာကင်းမဲ့သောကြောင့် သားနှင့်မိဘ     တို့သည် ရန်သူသဖွယ်ဖြစ်လာရတတ်၏။

          For  not  being  educated, son  and       parents  can  turn   out  to  be  an    enemy. လို့ ဆုံးမထားပါတယ်။

အထက်ပါ လောကနီတိကို မသိကြရော့သလား ဒါမှမဟုတ် သိပါလျက်နဲ့ နိုင်ငံရေးမှိုင်းကြောင့် အမှောင် ဖုံးနေရော့သလား။ နိုင်ငံရေးအစွဲကြောင့် သားသမီးတွေကို  ကျောင်းမထားကြတော့ဘူး ဆိုတာကတော့ တော်တော်လေးကို လွဲမှားနေပါပြီ။ မိမိရဲ့ရင်သွေးလေးတွေရဲ့ အနာဂတ်အရေးကို မတွေးမြော်နိုင်ဘဲ  နိုင်ငံ့အရေးလို့ ပါးစပ်ကအသံကျယ်ကျယ်အော်ဟစ်နေတာကိုစဉ်းစားပြီး   အံ့သြမိတာလည်းအမှန်ပါ။ ပြီးတော့ ရှိပါသေးတယ်။ “စစ်ကျွန်ပညာရေး”တဲ့။

ယနေ့အခြေခံပညာမှတက္ကသိုလ်အထိ သင်ရိုးညွှန်းတမ်းနဲ့ ပြဋ္ဌာန်းချက်တွေဟာ တပ်မတော်ကရေးဆွဲထားတာ မဟုတ်ပါဘူး။ မြန်မာတစ်နိုင်ငံလုံး အင်္ဂလိပ်နယ်ချဲ့လက်အောက်ကျရောက်ခဲ့စဉ်က နယ်ချဲ့တို့က အရှည်သဖြင့် ကျွန်ပြုလိုတာကြောင့် မြန်မာ့သမိုင်းကြောင်းကို ဖုံးကွယ်ခဲ့ကြတယ်။ လိုရာရေးခဲ့ကြတယ်။ ပြီးတော့ တောင်ပေါ်မြေပြန့်သွေးခွဲ ခဲ့ကြတယ်။ ဒါ့ကြောင့် နယ်ချဲ့တို့ရဲ့ ကျွန်ပညာရေး ကို မျိုးချစ်လူငယ်တွေက ဆန့်ကျင်ခဲ့ကြတယ်။ ဒါက သဘာဝကျပါတယ်။

လွတ်လပ်ရေးရရှိပြီးနောက်ပိုင်း နယ်ချဲ့တို့ ပြဋ္ဌာန်းခဲ့တဲ့ ကျွန်ပညာရေး ကို  ပြောင်းလဲခဲ့တယ်။ ပညာရည် မြင့်မားရေးအတွက် ခေတ်စနစ်အလိုက် ပြောင်းလဲလာခဲ့ကြတာပါပဲ။ ဒီနေ့ ပညာရေး ညွှန်းတမ်းနဲ့ ပြဋ္ဌာန်းချက်တွေဟာ လွန်ခဲ့တဲ့ ငါးနှစ် NDG အစိုးရ လက်ထက်ကတည်းကအတိုင်းပါပဲ။ အဲဒီတုန်းကရော စစ်ကျွန်ပညာရေး လို့ ဘာလို့မပြောခဲ့ကြတာလဲ။ တပ်မတော်က နိုင်ငံတော်ကိုအုပ်ချုပ်နေလို့ စစ်ကျွန်ပညာရေး လို့ ပြောတာလား။ ဒါဆိုရင်လည်း မြန်မာ့သမိုင်းကြောင်းကို ပြန်ကြည့်ဖို့တော့လိုပြီပေါ့။ မြန်မာနိုင်ငံမှာ ပြည်ထောင်စုပြိုကွဲမည့်အရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု ပြိုကွဲမည့်အရေး၊ အချုပ်အခြာအာဏာ ပျောက်ကွယ်မည့် အရေးကြုံလာတိုင်း တပ်မတော်ဟာ မလွှဲမရှောင်သာလို့ နိုင်ငံတော်အာဏာအရပ်ရပ်ကို ထိန်းသိမ်းခဲ့ရတာတွေရှိပါတယ်။ တပ်မတော်က နိုင်ငံတော်အစိုးရအဖြစ် တာဝန်ယူခဲ့တဲ့  အိမ်စောင့် အစိုးရကာလ၊ တော်လှန်ရေးကောင်စီကာလ၊ ဒီမိုကရေစီအုတ်မြစ်ချကာလတွေမှာ ပညာသင် ကြီးပြင်း လာခဲ့ကြသူတွေ အချို့သက်ရှိထင်ရှား ရှိနေကြသလို၊ အချို့အသက်ဆုံးပါး သွားကြပါပြီ။ ယနေ့ ကျောင်းမတက်နဲ့ ကျောင်းထွက်စစ်ကျွန်ပညာရေး စတဲ့ ကျောင်းမတက်ရေး လှုံ့ဆော်နေကြတဲ့ NLD အမာခံတွေ၊ NLD အမြစ်ပွားနာဖြစ်တဲ့CRPH နဲ့ NUG တို့ဟာလည်း အထက်ဖော်ပြပါ တပ်မတော်အစိုးရ လက်ထက်မှာ ပညာသင်ကြားတတ်မြောက်ခဲ့ကြသူတွေ မဟုတ်ပါလား။   မိမိတို့ကျတော့  ပညာသင် တတ်မြောက်ခဲ့ကြပြီး ယနေ့ကျောင်းနေ အရွယ်ကလေးတွေရဲ့ အနာဂတ်ကို ရိုက်ချိုးနေကြတာဟာ CRPH  ခေါ် ပြည်သူ့ထောက်ခံမှုမရှိတဲ့ NUG ကိုယ်စားလှယ်တော်ကြီးတွေနဲ့ ခေါ် လေလှိုင်းအစိုးရရဲ့  မေတ္တာလားလို့ မေးလိုက်ချင်ပါတယ်။

ပြီးတော့ မိမိရင်သွေးတွေကို ကျောင်းမထားကြတဲ့ မိဘများကိုလည်း မေတ္တာရှေ့ထားလို့ ပြောချင်ပါရဲ့။ ယနေ့ကမ္ဘာကြီးဟာ တစ်နေ့တခြား ဖွံ့ဖြိုးတိုးတက်နေပါတယ်။ လွန်ခဲ့တဲ့ ၁၀ စုနှစ်တစ်စုရဲ့ အရွေ့ကိုပဲ သမင်လည်ပြန်ကြည့်ကြပါစို့။ ယခု မိဘတိုင်းရဲ့ လက်ထဲမှာ လက်ကိုင်ဖုန်းတွေ ရှိနေကြမှာပါ။ လွန်ခဲ့တဲ့ ၁၀ စုနှစ်တစ်စုမတိုင်မီက လူတိုင်းလက်ကိုင်ဖုန်းမကိုင်နိုင်ကြပါဘူး။ ဒါဟာ ဘယ်လိုမှ  ငြင်းမရတဲ့ ဥပမာတစ်ခုပါ။ ဆိုလိုတာက ယနေ့တိုးတက်နေတဲ့ခေတ်ကြီးမှာ မိဘတိုင်းဟာ ကမ္ဘာကိုကြည့်ရှုမြင်တတ်ဖို့လိုပါပြီ။ ကျွန်တော်တို့ ဘိုးဘေးတွေဟာ သူ့ကျွန်လက်အောက်မှာ ကြီးပြင်းခဲ့ကြတယ်။ နှစ်ပေါင်း ၁၂၄ နှစ်ဆိုတာ လူ့သက်တမ်းတစ်ခု မကပါဘူး။ ဘာဖြစ်လို့ သူ့ကျွန်လက်အောက် ကျရောက်ခဲ့ရတာလဲ။ စဉ်းစားကြည့်တော့ အုပ်ချုပ်သူနဲ့ပြည်သူ နှစ်ရပ်စလုံး ကမ္ဘာကိုကြည့်ရှုမြင်မှု အားနည်းခဲ့လို့ ဆိုတဲ့ အချက်ကို သုံးသပ်မိ ကြပါလိမ့်မယ်။ အတိတ်ကို ပြန်ကြည့်မည်လော သို့မဟုတ် ရှေ့အနာဂတ်ကိုတွေးဆလို့ မျှော်ကြည့်မယ် ဆိုလျှင်လည်း ပညာသာလျှင် ရှေ့ဆောင်ဖြစ်နေတာကို သိမြင်ရမှာပါ။

ယနေ့ သားသမီးတွေကို လက်ဆွဲပြီးကျောင်းလာပို့ကြတဲ့ မိဘတွေကို “ကလေးတွေကို ဘာဖြစ်လို့ ကျောင်းလာပို့တာလဲ”လို့ မေးကြည့်လိုက်ပါ။ သားသမီးအပေါ် ထားရှိတဲ့ မိဘတွေရဲ့ရည်မှန်းချက်တွေကြောင့် အဖြေတွေ အမျိုးမျိုးကွဲလွဲနေကြပေမယ့် “သားသမီးတွေကောင်းစားဖို့” ဆိုတဲ့ သဘောထားကတော့ တူညီနေကြပါလိမ့်မယ်။ အထက်မှာ ရေးသားတင်ပြခဲ့တဲ့  မိမိတို့ရဲ့ရင်သွေးငယ်တွေကို ပညာမသင်ယူဖို့ ဆုံးဖြတ်လိုက်ခြင်းဟာ   အတတ်ပညာကိုသင်မပေးခဲ့မူ ဟင်္သာတို့အလယ်၌ ဥဗျိုင်းငှက်သည် မတင့်တယ်သကဲ့သို့ ပရိသတ်ဗိုလ်ပုံအလယ်၌ မတင့်မတယ်ဖြစ်ရာ၏ ဆိုတဲ့အတိုင်း ကိုယ့်သားသမီးတွေကို လူ့လောကမှာ မျက်နှာမွဲဘ၀ အောက်ကျနောက်ကျအဖြစ်ကို ကျေကျေနပ်နပ်ကြီး ရှုဆိတ်နိုင်မည်လော။ ပြီးတော့  အတတ်ပညာကင်းမဲ့သောကြောင့် သားနှင့်မိဘတို့သည် ရန်သူသဖွယ်ဖြစ်လာရတတ်၏ ဆိုသည့်အတိုင်း ရင်မှမွေးခဲ့သော သားသမီးက မိမိ(မိဘ)ကို ရန်သူတစ်ယောက်သဖွယ်   ပြုမူလာတော့မည်ကို

မစဉ်းစား/မစိုးရိမ်တော့ဘူးလား။ ယနေ့ ဖွံ့ဖြိုးတိုးတက်နေတဲ့ နိုင်ငံအချို့မှာ မသင်မနေရပညာရေးစနစ်ကို ပြဋ္ဌာန်းထားပြီး  မိမိရင်သွေးဖြစ်သော်ငြားလည်း ကျောင်းမထားဘူးဆိုရင် မိဘတွေကို ဥပဒေအရ ထိထိရောက်ရောက် အရေးယူနေကြပါတယ်။  ကမ္ဘာတည်သရွေ့  နိုင်ငံတော်တည်တံ့စေရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အတွက်ပဲ ဖြစ်ပါတယ်။

ယနေ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဟာ စိန်ခေါ်မှုတွေကြားမှ ကလေးတွေရဲ့ပညာရေးအတွက် ကျောင်းတွေကို ဖွင့်လှစ်စေခြင်းဟာ အနာဂတ်နိုင်ငံတော်အရေး မြော်တွေးလိုက်ခြင်းပဲဖြစ်ပါတယ်။ ပညာရေးဖြင့် ခေတ်မီနိုင်ငံတော်အဖြစ် တည်ဆောက်အံ့ဆိုတဲ့ ဆောင်ပုဒ်ဟာ  ဘယ်ခေတ်ကာလမဆို အမြဲတမ်းမှန်ကန်နေမည်သာဖြစ်ပါတယ်။ ယနေ့နည်းပညာခေတ်ကြီးမှာ ယနေ့နဲ့မနက်ဖြန်ဆိုတာ တော်တော်လေးခြားနားလာပါတယ်။ ဒီလိုခေတ်ကြီးမှာ အခြေခံပညာလောက်မျှ မတတ်မြောက် ထားဘူးဆိုလျှင် ခေတ်နဲ့အဝေးကြီးမှာ ကျန်ခဲ့တော့မှာ သေချာပါတယ်။ ပြီးတော့ သားသမီးတို့ရဲ့ပညာရေးမှာ နိုင်ငံရေးနဲ့ရောထွေးလို့ မဖြစ်ပါဘူး။ နိုင်ငံရေးမှိုင်းတွေကိုဖယ်ရှားလို့ သားသမီးတို့လက်ကိုဆွဲကာ ကျောင်းတော်သို့ လှမ်းလာကြပါလို့ မေတ္တာထားတိုက်တွန်း လိုက်ပါတယ်။  ။

မင်းချင်းကြိုင်