သတင်းမီဒီယာကျင့်ဝတ်မဲ့စွာ သတင်းများဖော်ပြသည့် CNN နှင့် Reuters သတင်းဌာနများ သတင်းမှန်ပြင်ဆင်ပေးရန်လိုအပ်

နေပြည်တော်    ဇွန်    ၁၈

၁၅−၆−၂၀၂၁ ရက်နေ့တွင်ဖြစ်ပွားသည့် မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမ ကျေးရွာ မီးလောင်မှု ဖြစ်စဉ်နှင့်ပတ်သက်၍ CNN နှင့် Reuters သတင်းဌာနများက ၎င်းကျေးရွာ မီးလောင်မှုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့သယောင် သတင်းမှားများ ရေးသား ဖော်ပြ၍ ၁၇−၆−၂၀၂၁ ရက်နေ့တွင် ၎င်းတို့၏ သတင်းစာမျက်နှာများတွင် ကျင့်ဝတ်သိက္ခာမဲ့စွာ ရေးသားဖော်ပြခဲ့ပါသည်။

ဖြစ်စဉ်အမှန်မှာ မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ကင်းမကျေးရွာရှိ ဖောက်ခွဲရေး ပစ္စည်းများနှင့် လက်လုပ် သေနတ်များ ပြုလုပ်ရောင်းချနေသူများအား ဖမ်းဆီးရမိနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက သွားရောက်စဉ် ကျေးရွာအနီးအရောက် လက်နက်ကိုင် အကြမ်းဖက် သူများက ပစ်ခတ်တိုက်ခိုက် ၍ ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးခဲ့မှု ဖြစ်စဉ်နှင့် ပတ်သက်၍ ၂၀၂၁ ခုနှစ်၊ ဇွန်လ ၁၆ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်ပါသည်။

ထိုသို့ ကင်းမကျေးရွာရှိ လူနေအိမ်များအား အကြမ်းဖက်သူများက မီးရှို့ဖျက်ဆီးခဲ့မှုနှင့် ပတ်သက်၍ သတင်းမီဒီယာအချို့က လူမှုကွန်ယက် စာမျက်နှာပေါ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပေါ် မဟုတ်မမှန် စွပ်စွဲရေးသား နေကြသည်ကို တွေ့ရှိရသည်။

 ကင်းမကျေးရွာရှိ လူနေအိမ်များ မီးလောင်ပျက်စီးခဲ့ရခြင်းဖြစ်စဉ်မှာ ဇွန်လ ၁၃ ရက်နေ့ည ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်၊ ရှားလှကျေးရွာအုပ်စု၊ ဝန်ကြီး ကျေးရွာနေ ဦးစိန်မောင်၏နေအိမ်၌ ၎င်းနှင့်အတူ အမျိုးသား ၅ ဦးတို့စကားပြောနေစဉ် ကျော်မင်းနိုင်ပါ အမျိုးသား ၃ ဦးမှ လက်လုပ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးသွားခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ဦးစိန်မောင်နှင့် ကိုမင်းမင်းစိုးတို့တွင် ပေါက်ပြဲဒဏ်ရာအသီးသီး ရရှိခဲ့၍ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့သူ ကျော်မင်းနိုင်အား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီး စစ်ဆေးခဲ့သည်။

ထိုသို့ စစ်ဆေးခဲ့ရာ အဆိုပါ လက်လုပ်ဗုံးများအား ပေါက်မြို့နယ်၊ ကင်းမကျေးရွာရှိ အမျိုးသား ၁ ဦးထံမှ ဝယ်ယူရရှိခဲ့ကြောင်း သိရှိရသဖြင့် ဆက်လက်စုံစမ်းခဲ့ရာ အဆိုပါ အမျိုးသားမှာ ကင်းမကျေးရွာတွင် နေထိုင်ပြီး တစ်ရွာတည်းနေ NLD ပါတီဝင် ၁ ဦးနှင့် ယခင်ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဦးတို့၏ ငွေကြေးထောက်ပံ့မှုဖြင့် လက်လုပ်သေနတ်များ၊ လက်လုပ် ဗုံးများပြုလုပ်ကာ ကျေးရွာအတွင်း ရောင်းချ နေကြောင်း ထမ်မံသိရှိခဲ့ရသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် များက ဖော်ထုတ်ဖမ်းဆီး ရမိနိုင်ရေး ကင်းမကျေးရွာသို့ ဇွန်လ ၁၅ ရက်နေ့တွင် သွားရောက်ခဲ့သည်။

ထိုသို့သွားရောက်စဉ် ကင်းမကျေးရွာအနီးရောက်ရှိချိန်၌ ကျေးရွာဆိုင်းဘုတ် အနီးရှိ အကြမ်းဖက် သူ ၁၀ ဦးခန့်က တောင်ကုန်းပေါ်မှ တူမီးသေနတ်များ၊ လက်လုပ်ဗုံးများဖြင့် စတင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံပစ်ခတ်ခဲ့ရာ အကြမ်းဖက်သူ များက တောင်ကုန်းပေါ်မှ ဆုတ်ခွာသွားခဲ့ကြောင်း၊ လုံခြုံရေး တပ်ဖွဲ့ဝင်များက အဆိုပါ တောင်ကုန်းပေါ်သို့ အသေးစိတ်ပိတ်ဆို့ရှာဖွေခဲ့စဉ် အကြမ်းဖက်သူများက ထပ်မံချောင်းမြောင်း ပစ်ခတ်ခဲ့ရာ လုံခြုံရေး တပ်ဖွဲ့ဝင်များက ပြန်လည်ခုခံ ပစ်ခတ်ခဲ့ပြီး ကင်းမကျေးရွာအတွင်းသို့ ဝင်ရောက်ရန် ကြိုးစားခဲ့ကြောင်း၊ ထိုသို့ ဆောင်ရွက်စဉ် ကင်းမကျေးရွာအတွင်း ထွက်ပြေး ဝင်ရောက်သွားသော ဒေသခံ PDF အကြမ်းဖက် အဖွဲ့များ၊ ချင်းပြည်နယ်ဘက်မှ ရောက်ရှိလာသော လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများက အဆိုပါကျေးရွာရှိ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဝင် ဦးကျော်ဌေး၏ နေအိမ်အား မီးရှို့ဖျက်ဆီးခဲ့ရာမှ ကျေးရွာ အတွင်းရှိ နေအိမ်များအား မီးကူးစက် လောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

ကင်းမကျေးရွာအတွင်းရှိ ရွာသူ၊ ရွာသားများသည် ဇွန်လ ၁ ရက်နေ့တွင် အဆိုပါ ကျေးရွာနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင် ဦးညိုချောအား အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးသတ်ဖြတ်ခဲ့မှု ဖြစ်စဉ်နှင့် ပတ်သက်၍ စစ်ဆေးရန်လာရောက်သော လုံခြုံရေး တပ်ဖွဲ့ဝင် များ ပါဝင်သည့် ပူးပေါင်းအဖွဲ့နှင့် ကျေးရွာရှိ PDF အကြမ်းဖက်အဖွဲ့များ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းကြောင့် ရွာသူ၊ ရွာသားအများစုမှာ ကျေးရွာတွင် နေထိုင်ခြင်းမရှိတော့ဘဲ မိမိတို့ ဆွေမျိုးများရှိရာ မြို့/ရွာများသို့ ပြောင်းရွှေ့နေထိုင်လျက် ရှိသဖြင့် ကျေးရွာအတွင်း၌ အိမ်စောင့်၊ သက်ကြီးရွယ်အိုများနှင့် PDF အကြမ်းဖက် အဖွဲ့များသာ ကျန်ရှိကြသဖြင့် မီးငြှိမ်းသတ်နိုင်ခြင်း မရှိဘဲ မီးကူးစက် လောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မီးလောင်မှုဖြစ်ပွားချိန်တွင် မီးငြှိမ်းသတ်ရန် ရွာသူ၊ ရွာသားများမရှိခြင်း၊ မီးသတ်ယာဉ်များ လာရောက်မီးငြှိမ်းသတ်ရန် အခက်အခဲရှိခြင်း၊ မီးငြှိမ်းသတ်ရန် ရေရှားပါးခြင်းတို့ကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်း ငြှိမ်းသတ်ခဲ့သော်လည်း အိမ်ခြေ ၁၀၀ ခန့်မီး လောင်ကျွမ်းခဲ့သည်။ မီးလောင်ပြင် အတွင်းရှိ မီးလောင်ကျွမ်းဆဲ နေအိမ် ၂ လုံးအတွင်းမှ အသက် ၈၃ နှစ်အရွယ်ရှိ အဖွားဒေါ်ခင်စုနှင့် အသက် ၈၁ နှစ်အရွယ်ရှိ အဖွား ဒေါ်ထွားစိန်တို့ နှစ်ဦးအား လုံခြုံရေး တပ်ဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်၍ မီးဘေး ကင်းလွတ်သည့် ကျေးရွာဘုန်းကြီး ကျောင်းသို့ ထမ်းပိုး ပို့ဆောင်ပေးခဲ့သည်။

ထိုကဲ့သို့ အကြမ်းဖက်သူများ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် အဆိုပါကျေးရွာ ဘုရားကုန်းပေါ်ရှိ စေတီ ၂ ဆူ၊ ဇရပ် ၂ ဆောင်၊ အခြေခံပညာ အလယ်တန်းကျောင်းခွဲရှိ ကျောင်းဆောင် ၂ ဆောင်၊ ဆောက်လက်စ ၁ ဆောင်နှင့် အိမ်ခြေ ၂၀ ခန့်မှလွဲ၍ ကျန်လူနေအိမ်ခြေ အဆောက်အဦများ အားလုံး မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပြီး ညနေ ၆ နာရီခွဲအချိန်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ကျေးရွာမှ ပြန်လည်ထွက်ခွာခဲ့သည်။

ကင်းမကျေးရွာ PDF အကြမ်းဖက်အဖွဲ့ဝင်များနှင့် ချင်းပြည်နယ်ဘက်မှ ရောက်ရှိ လာသော လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းသူများသည် ကင်းမကျေးရွာအား ၎င်းတို့ ကိုယ်တိုင် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအပေါ် ပြည်သူလူထုနှင့် နိုင်ငံတကာကပါ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက် ရှိရှိဖြင့် NLD ပါတီကို ထောက်ခံသူများ၊ PDF များ၊ အစွန်းရောက်အကြမ်းဖက်သမားများ၊ သတင်း မီဒီယာအချို့က Facebook လူမှုကွန်ယက်စာမျက်နှာပေါ်တွင် မြေပြင်ပကတိ အခြေအနေ အမှန်နှင့် ဆန့်ကျင်ကာ မဟုတ်မမှန် လုပ်ကြံဖန်တီး ရေးသားဖော်ပြ နေကြခြင်း သာဖြစ်ကြောင်း သတင်းထုတ်ပြန်အပ်ပါသည် ဟု ၁၈−၆−၂၀၂၁ ရက်နေ့ နိုင်ငံပိုင်သတင်းစာများတွင် သတင်း ထုတ်ပြန်ပြီး ဖြစ်ပါသည်။

ထိုကဲ့သို့ သတင်းမီဒီယာကျင့်ဝတ်မဲ့စွာ သတင်းမှားများ ရေးသားဖော်ပြခဲ့သည့် CNN နှင့် Reuters သတင်းဌာနများအား ဒေသခံပြည်သူများက ပြစ်တင်ရှုတ်ချလျက် ရှိပါကြောင်းနှင့် Right to Correct အရ ဖြစ်စဉ်အမှန် ပြန်လည်ဖော်ပြပေးရန် လိုအပ်ပါသဖြင့် သက်ဆိုင်ရာ သတင်းဌာနများသို့ ကန့်ကွက်လွှာ ပေးပို့သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။