ကျေးလက်တောရွာများ ဆိုသည်မှာ ယခင်ကဗုဒ္ဓဘာသာတရားကိုအခြေခံပြီး ယဉ်ကျေးလိမ္မာမှုရှိကြသည်။ လူငယ်လူရွယ်အများစုမှာ ဘုန်းတော်ကြီးများ၏ ဆုံးမသွန်သင်မှုအောက်တွင် စာပေတတ်ကျွမ်းခဲ့ကြသလို အပြောအဆို အပြုအမူ အနေအထိုင်နှင့် လူအချင်းချင်း ဆက်ဆံရေးတွင်လည်း ယဉ်ကျေးမှုရှိကြသည်။ ဂါရဝတရားထား ရှိကြသောအခါ ငြိမ်းချမ်းသာယာသည်။ ဆရာတော်သံဃာတော်များကြွလာလျှင် လက်အုပ်ချီကာ အရိုအသေပေးတတ်သော အလေ့အထရှိကြသည်။ အရိပ်ကိုနင်းမိလျှင်ပင် ငရဲကြီးတတ်သည် ဟူသော ယဉ်ကျေးစိတ်ဖြင့် သံဃာတော်များ၏ အရိပ်ကိုပင် မနင်းမိအောင် ရှောင်ကြသည်။
ဤမျှယဉ်ကျေးသော ကျေးလက်ဓလေ့များသည် ပြီးခဲ့သည့်အချိန်ကာလများအတွင်းက ဒီမိုကရေစီဝါဒကို လွဲမှားစွာ အသုံးချမှုများကြောင့် ဘာသာတရားနှင့် ယဉ်ကျေးမှု ဓလေ့စရိုက်များ ကွယ်ပျောက်ခဲ့သည်။ လူ့အခွင့်အရေး၊ ဒီမိုကရေစီအရေးမှသည် လူသားချင်းတန်းတူညီမှု ရှိရမည်ဟူသော အတွေးအခေါ်များကို ဝင်လာစေခဲ့သည်။ ဘုရားဟော မဟုတ်သော်လည်း ရှေးကဘိုးဘွားစဉ်ဆက် လိုက်နာကျင့်သုံးခဲ့သော စံများ ပျက်ယွင်းခဲ့ရသည်။ ဥပမာအားဖြင့် အမျိုးသမီးများမဝင်ရဟူသော နေရာမျိုးကို ရွေးချယ်ဝင်ပြခဲ့သည်။ ထိုသို့ ဝင်ပြလိုက်သည့်အတွက် အဆိုပါ ဒေသတွင် ဆိုးကျိုးများ ဖြစ်ပေါ်ခဲ့သော သတင်းမျိုးကိုမူ အမှောင်ချထားခဲ့သည်။
ယဉ်ကျေးမှု ဓလေ့ထုံးစံများကို ဖျက်ဆီးခြင်း ခံလိုက်ရသည့် ရလဒ်မှာ လူငယ်လူရွယ်ကိုယ်ခံ အားနည်းကာ စာရိတ္တချို့ယွင်းသွားခြင်း ဖြစ်သည်။ ကျေးလက်ဒေသ အထူးသဖြင့် လုံခြုံရေးစိုးမိုးမှု အားနည်းသော ဒေသများတွင် ကျေးလက်စာသင်ကျောင်းများကို မီးရှို့သည်။ ကျေးလက်ဒေသတွင် ကျောင်းတစ်ကျောင်း ဖြစ်ပေါ်လာရန် လွယ်ကူသည်မဟုတ်ပါ။ ပညာရေးဌာနမှ ထောက်ပံ့ငွေဖြင့် မလုံလောက်သည့်အခါ ရပ်မိရပ်ဖများ၊ စေတနာရှင်များက ဝိုင်းဝန်းပံ့ပိုးကူညီကြရသည်။ ကျောင်းတစ်ကျောင်း ဖြစ်ပေါ်လာအောင် ခက်ခက်ခဲခဲ တည်ဆောက်ရသည်။ မိမိတို့ ရပ်ရွာရှိ ကလေးသူငယ်များ ပညာတတ်မြောက်ရေးအတွက် စေတနာ သဒ္ဓါတရားတို့ဖြင့် ဝိုင်းကူထောက်မကြသည်။
အချို့ကျေးရွာများတွင် သြဇာတိက္ကမရှိသော ကျောင်းထိုင်ဆရာတော်များ ကိုယ်တိုင် ဦးစီးဦးဆောင်ပြုကာ ကျောင်းဖြစ်မြောက်ရေးကို ကြိုးပမ်းကြသည်။ ကျေးရွာတွင် စာသင်ကျောင်းရှိလျှင် ထိုကျေးရွာရှိ မျိုးဆက်သစ်များ ပညာရေးအတွက် အားကိုးဖွယ်ဖြစ်သည်။ ခက်ခက်ခဲခဲတည်ဆောက်ခဲ့ရသော ကျေးရွာ ကျက်သရေဆောင် စာသင်ကျောင်းကို ကျေးရွာမှမသမာသူ အဖျက်သမားများက ဖျက်ဆီးခဲ့ကြသည်။ ကလေးများ၏ အနာဂတ်ကို လက်တွေ့ကျကျ ဖျက်ဆီးပြလိုက်ခြင်း ဖြစ်သည်။ ထိုသို့ဖျက်ဆီးသူများမှာ အဖျက်စိတ်ဓာတ်ရိုက်သွင်း ခံရသူများ၊ မိမိဒေသရပ်ရွာကို ချစ်မြတ်နိုးခြင်း မရှိသူများ ဖြစ်ကြောင်း တွေ့ရှိရသည်။
ပါတီအရေး အစွဲအလမ်းကို အကြောင်းပြု၍ မိမိရွာနှင့်အပြစ်မရှိသည့် ဖြူစင်သန့်ရှင်းသော ကလေးငယ်များ၏ ဘဝများကို မျက်ကွယ်ပြုကာ ဖျက်ဆီးနေခြင်း ဖြစ်သည်။ စာရိတ္တချို့ယွင်းသောအခါ လူတစ်ယောက်၏ ဘဝသည် တန်ဖိုးမဲ့သွားလေသည်။ ပညာရှင်တို့က စာရိတ္တဟူသော ကိုယ်ကျင့်တရားသည် လူတစ်ယောက်၏ အသက်သွေးခဲဖြစ်သည်ဟု ဆိုထားသည်။ စာရိတ္တကောင်းမွန်သူမှာ လူကောင်းဖြစ်၍ နိုင်ငံတော်က အားထားရသူဖြစ်သည်။ စာရိတ္တနှင့် ကိုယ်ကျင့်တရား ပျက်ယွင်းနေသူသည် လူဆိုးလူသွမ်းဖြစ်၍ မိမိပတ်ဝန်းကျင်အတွက် အဖျက်သမား သက်သက်ဖြစ်ကာ နိုင်ငံတော်ကို နှောင့်ယှက်ဖျက်ဆီးနေသူ ဖြစ်သည်။
လွန်ခဲ့သော ငါးနှစ်တာကာလသည် မြန်မာ့ယဉ်ကျေးမှုတို့ ဆိုးဆိုးရွားရွား ဖျက်ဆီးခြင်း ခံလိုက်ရသော ကာလများ ဖြစ်ခဲ့သည်။ ထိုအကျိုးဆက်၏ အဖြေသည် စာသင်ကျောင်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ဗုံးခွဲခြင်း၊ ဆရာသမားများကိုလေးစားတန်ဖိုးထားမှု လျော့နည်းခြင်းတို့ ဖြစ်သည်။ မိမိတို့လုပ်ရပ်မှန်သမျှသည် ပြည်သူအများကိုသာ ထိခိုက်စေလျက်ရှိသည်။ မြို့ရွာအချို့တွင် အများပြည်သူဆိုင်ရာအဆောက်အအုံများ၊ စာသင်ကျောင်းများ၊ စက်ရုံအလုပ်ရုံများ၊ ရဲစခန်းများကို မီးရှို့ဖျက်ဆီးခြင်း၊ ဗုံးထောင်ဖောက်ခွဲခြင်း၊ လက်နက်စွဲကိုင်တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်လာကြသည်မှာ မြန်မာ့ယဉ်ကျေးမှုများ လျော့နည်းလာခြင်း၏ ပြယုဂ်ဖြစ်သည်။
ဝမ်းနည်းဖွယ်ကောင်းသည်မှာ သူများက ခိုင်းသမျှ မသိနားမလည်ဘဲ လိုက်ပါ လုပ်ဆောင်နေရသော မျိုးဆက်သစ်တို့ဘဝသည် ပြန်လမ်းမရှိသောခရီးသွားသူနှင့်တူနေသည်။ သူတစ်ပါးအကျိုးယုတ်အောင်၊ သေကျေပျက်စီးအောင် မိုင်းတစ်လုံးထောင်ဖို့ ပြင်ဆင်ရင်း ထိုမိုင်းပေါက်ကွဲ၍ သေဆုံးသွားသူများ၊ လူစဉ်မမီဖြစ်သွား သူများသတင်းကို နေ့စဉ်ကြားမြင်နေရသည်။ ယဉ်ကျေးမှုကိုယ်ခံအားနည်းလာသောအခါ လုံခြုံရေးတပ်ဖွဲ့ဝင်များက ရွာကိုမီးရှို့သည်ဟူသော လုပ်ကြံဝါဒဖြန့်ရန် မိမိရွာကိုမိမိမီးရှို့သည်။ တစ်ရွာလုံးနီးပါး မီးလောင်ခဲ့သော ပေါက်မြို့နယ် ကင်းမကျေးရွာက ဖြစ်ရပ်မှာ သင်ခန်းစာယူဖွယ် စိတ်မချမ်းမြေ့ဖွယ်ဖြစ်သည်။
အနှစ်ချုပ်ရလျှင် မိမိတို့ ရပ်ရွာဒေသတွင် မိဘဘိုးဘွား အစဉ်အဆက်ရှိထားပြီး ဖြစ်သော ယဉ်ကျေးမှု ကိုယ်ခံအားကို လျော့နည်းမသွားအောင်ထိန်းသိမ်းကြရန် လိုအပ်ကြောင်း ရေးသားလိုက်ရပေသည်။ ။