ယူရို ၂၀၂၀ ပြိုင်ပွဲ အုပ်စုပွဲစဉ်အဖြစ် ကစားသည့် ပေါ်တူဂီအသင်းနှင့် ဂျာမနီအသင်းတို့ပွဲစဉ်တွင် ပေါ်တူဂီအသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူ ပေးနိုင်ခဲ့သည့် စီရော်နယ်ဒိုသည် ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ယူရိုပြိုင်ပွဲတို့တွင် သွင်းဂိုး ၁၉ ဂိုး သွင်းယူနိုင်ခဲ့ပြီး သွင်းဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်နေသော ဂျာမနီအသင်း တိုက်စစ်မှူးဟောင်း ကလိုဆေး၏ စံချိန်ကို လိုက်မီနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါပွဲစဉ်တွင် စီရော်နယ်ဒိုက အသင်းအတွက် ပွဲချိန် ၁၅ မိနစ်၌ ဦးဆောင်ဂိုးသွင်းယူပေးနိုင်ခဲ့ သော်လည်း ပွဲပြီးဆုံးချိန်တွင် ဂျာမနီအသင်းက ပေါ်တူဂီအသင်းကို ၄ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ဖလားနှင့် ယူရိုပြိုင်ပွဲတို့တွင် သွင်းဂိုးအများ ဆုံးကစားသမားအဖြစ် ကလိုဆေးသည် ပြိုင်ပွဲနှစ်ရပ် ၌ စုစုပေါင်းသွင်းဂိုး ၁၉ ဂိုးဖြင့် ရပ်တည်နိုင်ခဲ့ခြင်း ကို ယခုအခါ စီရော်နယ်ဒိုက ယူရိုပြိုင်ပွဲတွင် သွင်းဂိုး ၁၂ ဂိုးနှင့် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် သွင်းဂိုးခုနစ်ဂိုး စုစုပေါင်း ၁၉ ဂိုး ပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။
စီရော်နယ်ဒိုသည် ဇွန် ၁၅ ရက်က ဟန်ဂေရီ အသင်းနှင့် ပေါ်တူဂီအသင်းတို့ကစားသည့် ယူရို ၂၀၂၀ ပြိုင်ပွဲ အုပ်စုအဖွင့်ပွဲစဉ်တွင်လည်း အသင်းအတွက် သွင်းဂိုးနှစ်ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် ယူရို ပြိုင်ပွဲသမိုင်း တစ်လျှောက် သွင်းဂိုးအများဆုံးကစား သမားအဖြစ်ရပ်တည်နေသော ပြင်သစ်အသင်းကစား သမားဟောင်း ပလာတီနီ၏ ကိုးဂိုးစံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး လက်ရှိတွင်လည်း သွင်းဂိုး ၁၂ ဂိုးဖြင့် သွင်း ဂိုးအများဆုံး ကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။
ကမ္ဘာ့ဖလားပြိုင်ပွဲနှင့် ယူရိုပြိုင်ပွဲတို့တွင် သွင်းဂိုးအများဆုံး ကစားသမားအဖြစ် စီရော်နယ်ဒိုနှင့် ကလို ဆေးတို့ပြီးလျှင် ဂျာမနီအသင်း ကစားသမားဟောင်း တစ်ဦးဖြစ်သည့် ဂတ်စ်မူလာက သွင်းဂိုး ၁၈ ဂိုး၊ ကလင်းစမန်းက သွင်းဂိုး ၁၆ ဂိုးနှင့် ပြင်သစ်အသင်း ကစားသမားဟောင်း ပလာတီနီက သွင်းဂိုး ၁၄ ဂိုး ဖြင့် အသီးသီးရပ်တည်နိုင်ခဲ့ကြသည်။
စီရော်နယ်ဒိုက “ကျွန်တော်တို့အတွက် တစ်ဦးချင်း မှတ်တမ်းတွေက အသင်းလိုက်ရလဒ်လောက်အရေး မပါဘူး။ ကျွန်တော် မှတ်တမ်းကောင်းတစ်ခုရရှိခဲ့တယ် ဆိုပေမယ့် အသင်းရလဒ်မကောင်းခဲ့တာက ဘာမှ အကျိုးရှိမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ဒီအဆင့် ကနေ အကောင်းဆုံးကျော်ဖြတ်ရမှာပါ” ဟု ပြောသည်။
စီရော်နယ်ဒိုသည် လက်ရှိတွင်လည်း သွင်းဂိုး အများဆုံး ကစားသမားဆု ဖြစ်သည့် ရွှေဖိနပ်ဆုအတွက် ဘယ်လ်ဂျီယံ အသင်းမှ တိုက်စစ်မှူး လူကာကူနှင့် အပြိုင် ရေပန်းစားနေသည်။ ပေါ်တူဂီအသင်းသည် အုပ်စုလက်ကျန် အဆုံးအဖြတ် ပွဲစဉ်အဖြစ် ဇွန် ၂၄ ရက်တွင် ပြင်သစ်အသင်းနှင့် ပွဲကျပ်ထပ်မံကစားရ မည်ဖြစ်ကြောင်း သိရသည်။
Ref;Opta