ပြင်သစ်အသင်းနှင့် ဘာစီလိုနာအသင်းတောင်ပံ ကစားသမား ဒမ်ဘီလီသည် ဒူးဒဏ်ရာခွဲစိတ်ကုသမှု ခံယူရမည် ဖြစ်သည့်အတွက် အနည်းဆုံးလေးလခန့် အနားယူရဖွယ်ရှိကြောင်း သိရသည်။
အသက် ၂၄ နှစ်အရွယ် ဒမ်ဘီလီသည် ဇွန် ၁၉ ရက်က ကစားခဲ့သော ယူရို ၂၀၂၀ ပြိုင်ပွဲ ဟန်ဂေရီအသင်းနှင့် ပြင်သစ်အသင်းတို့ တစ်ဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့သည့် ပွဲစဉ်၌ ပွဲချိန် ၅၇ မိနစ်တွင် လူစားဝင်ကစားခွင့် ရရှိခဲ့သော်လည်း ပွဲချိန် ၈၇ မိနစ်တွင် ဒူးဒဏ်ရာကြောင့် လူစားလဲ ထွက်ခွာခဲ့ရခြင်း ဖြစ်သည်။
အစောပိုင်းက ဒဏ်ရာမပြင်းထန်ဖွယ် ရှိသည့် အနေအထားကြောင့် ယူရို ၂၀၂၀ ပြိုင်ပွဲနှင့် လွဲချော်မည်ဖြစ်သော်လည်း ဘာစီလိုနာအသင်းနှင့် ရာသီအစပိုင်းပွဲစဉ်များတွင် ပါဝင်နိုင်ဖွယ်ရှိပြီး အသေးစိတ် စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာ ခွဲစိတ်ကုသမှု ခံယူရမည် ဖြစ်သည့်အတွက် အနည်းဆုံး လေးလခန့် အနားယူရမည် ဖြစ်သည်။
ဒမ်ဘီလီသည် ဘာစီလိုနာအသင်းသို့ ပြောင်းရွှေ့ ကစားခဲ့ပြီးနောက် ဒဏ်ရာပြဿနာများကြောင့် ပုံမှန် ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်နေရပြီး အသင်းက အစောပိုင်းတွင် ရောင်းချရန်ပြင်ဆင်ထားသော်လည်း လက်ရှိ ဒဏ်ရာကြောင့် ရောင်းချရန် အခက်တွေ့လာဖွယ်ရှိနေကြောင်း သိရသည်။
Ref;Marca