ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ညောင်ညို တောရကျောင်းတိုက်၊ အေးငြိမ်း ချမ်းသာဓမ္မာရုံတော်မြတ်ကြီး ပန္နက်တင်မင်္ဂလာ ကျင်းပ

နေပြည်တော်၊ ဇွန် - ၂၄

 

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ညောင်ညို တောရကျောင်းတိုက်၊ အေးငြိမ်းချမ်းသာဓမ္မာရုံတော်မြတ်ကြီး ပန္နက်တင်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါတောရကျောင်းတိုက်၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွန်း နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိ၊ မြို့ဖများ၊ အလှူရှင်များ တက်ရောက်ကြသည်။

 

 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံသရာအေးကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တကောသလ္လထံမှ ငါးပါးသီလခံယူဆောက်တည်ကြ သည်။ ထို့နောက် တိုင်းမှူးက သံဃာတော်များထံ ပန္နက်တင်ပစ္စည်းများအား ဆက်ကပ်လှူဒါန်းပြီး ဉပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲနှင့် ပရိတ်ချည် များအား ဆက်ကပ်ကြသည်။

ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြပြီး ဉပသကာများက ပရိတ်ပန်း၊ ပရိတ်ရေ၊ ပရိတ်သဲနှင့် ပရိတ်ချည် တို့အား ဓမ္မာရုံပရဝုဏ်အတွင်း ဖျန်းပတ်ချည်နှောင် ခြင်းများ ပြုလုပ်ကြသည်။

 

 

၎င်းနောက် တိုင်းမှူးနှင့် အလှူရှင်များက ဓမ္မာရုံတော်မြတ်ကြီး ဆောက်လုပ်ရန် အတွက် ဘိလပ်မြေအိတ်များ၊ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများကို သံဃာတော်များထံ ဆက်ကပ်လှူဒါန်းကြပြီး သံသရာအေးကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာယူကာ သတ်မှတ်နေရာအသီးသီး၌ ပန္နက်တော်များ ရိုက်သွင်းကြသည်။

 

 

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများနှင့် အလှူရှင်များက သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။