မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ဆေကဝတီ ဗုဒ္ဓတက္ကသိုလ်၌ ဗုဒ္ဓဘာသာဆိုင်ရာ ဒီပလိုမာတန်း အောင်မြင်တော်မူကြသော သာသနာ့နွယ်ဝင် သီလရှင် များအား အောင်လက်မှတ်ပေးအပ်ချီးမြှင့်

နေပြည်တော်၊ ဇွန် - ၂၄

 

 

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ဆေကဝတီ ဗုဒ္ဓတက္ကသိုလ်၏ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တို့တွင် ဗုဒ္ဓ ဘာသာဆိုင်ရာ ဒီပလိုမာတန်းကို အောင်မြင်တော်မူကြသော သာသနာ့နွယ်ဝင် သီလရှင်များအား အောင်လက်မှတ်ပေးအပ်ချီးမြှင့်ပွဲကို ယနေ့နေ့လယ်ပိုင်းတွင် အဆိုပါဗုဒ္ဓတက္ကသိုလ်၌ ကျင်းပပြုလုပ်ရာ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)နှင့် အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်များ၏ ဒုတိယအဓိ ပတိ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့အကျိုးတော်ဆောင်ချုပ်၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ သန်လျင်မင်းကျောင်းဆရာတော် ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသအမှူးပြုသော သံဃာတော်များ၊ အဆိုပါဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခချုပ်၊ ဒေါက်တာဘဒ္ဒန္တဝိနယာလင်္ကာရ၊ သင်ကြား/ စီမံဆရာတော်များ ကြွရောက်တော် မူကြပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သန်လျင်မင်းကျောင်း ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များရွတ်ပွား ချီးမြှင့်တော်မူသည့် ဩဝါဒကထာများနာယူကြကာ သံဃာတော်များအား လှူဖွယ် ပစ္စည်းများဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက် လာကြ သူများက ဆေကဝတီဗုဒ္ဓတက္ကသိုလ်၏ ပါမောက္ခချုပ်ဆရာတော်ထံမှ ဩဝါဒကထာ ကိုနာယူကြပြီး ဒုတိယပါမောက္ခချုပ်(စီမံ)ဒေါက်တာ ဒေါ်ဆေကဝတီက ဗုဒ္ဓဘာသာ ဆိုင်ရာ ဒီပလိုမာအောင်လက်မှတ်ပေးအပ်ချီးမြှင့်ပွဲအား လျှောက်ထားသည်။

 

 

ထို့နောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်နှင့် ၂၀၂၁- ၂၀၂၂ ပညာသင်နှစ်တို့တွင် ဗုဒ္ဓ ဘာသာဆိုင်ရာ ဒီပလိုမာတန်းကို အောင်မြင်တော်မူကြသော သာသနာ့နွယ်ဝင် သီလရှင်များအား အောင်လက်မှတ်ပေးအပ်ချီးမြှင့်ပြီး တိုင်းမှူးနှင့် တက်ရောက်လာကြ သူများက နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၏ ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တကုမာရ ထံမှ အနုမောဒနာတရားနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှ ပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။