ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ် ၄ မျိုး၊ လှူဖွယ်ပစ္စည်းများ၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်

နေပြည်တော်  ဇွန်  ၂၄

တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများက တိုင်းစစ်ဌာနချုပ်များအလိုက် မြို့နယ် အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေး ကျောင်းများတွင် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခြင်း၊   နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့်  ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ဇွန် ၂၃ ရက်နှင့်  ယနေ့တို့တွင်  နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနား အရှေ့ခြမ်းတောင်ပေါ် ဒေသရှိ     ပြဒါးချောင်းဘုန်းတော်ကြီးကျောင်း၊ ညောင်ပင်ကုန်း ဘုန်းတော်ကြီးကျောင်း၊   ဂမုန်းတောင်ဘုန်းတော်ကြီးကျောင်း၊   ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊  မိုင်းဖြတ်မြို့ရှိ  ဈေးတန်း ဘုန်းတော်ကြီးကျောင်း၊   မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ    မိုဃ်းကောင်းပရိယတ္တိ စာသင်တိုက်၊   ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊    အုတ်ပုံဆိပ်ရပ်ကွက်ရှိ သာသနာ့ပါလကျောင်းတိုက်၊ တိုက်ကြီးမြို့နယ်၊ ရှမ်းစုရပ်ကွက်ရှိ ပြည်လုံးချမ်းသာကျောင်းတိုက်နှင့် ဧရာဝတီတိုင်း ဒေသကြီး၊ ပုသိမ်မြို့ ကန်လှကျောင်းတိုက်တို့မှ သံဃာတော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊  COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့်   လှူဖွယ်ပစ္စည်းများကို လည်းကောင်း၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ  မိုဃ်းကောင်း ပရိယတ္တိစာသင်တိုက်မှ သံဃာတော်များအား  နေ့ဆွမ်းများကို လည်းကောင်း သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များအလိုက် တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်၍ ဆက်ကပ်လှူဒါန်းကြသည်။

ထို့အပြင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ မိုဃ်းကောင်းပရိယတ္တိစာသင်တိုက်ရှိ သံဃာတော်များအား အရှေ့တောင်တိုင်းစစ်ဌာနချုပ်မှ နယ်မြေခံဆေးအဖွဲ့က လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။