မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်

နေပြည်တော်  ဇွန်  ၂၄

မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်၏ တိုင်းမှူးဒိုင်း ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုပေးပွဲကို ဇွန် ၂၃ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ အားကစားကွင်း၌ ပြုလုပ်ရာ ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်၊  တိုင်းမှူး  ဗိုလ်မှူးချုပ် မြတ်သက်ဦး၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အားကစား သမားများနှင့် အားကစားဝါသနာရှင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက  တိုင်းစစ်ဌာနချုပ်အားကစား အသင်းများအတွက်  အားကစားပစ္စည်းများ ပေးအပ်ရာ တိုင်းမှူးက လက်ခံရယူသည်။ ထို့နောက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊   တိုင်းမှူးနှင့် တက်ရောက်လာကြသူများက  မြစ်ကြီးနားတပ်နယ်(က)အသင်းနှင့် (ဂ)အသင်းတို့၏ ဗိုလ်လုပွဲ ပွဲစဉ်ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။ ယင်းနောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဒိုင်အဖွဲ့ဝင်များ၊ အသင်းလိုက်ဆုရရှိကြသူများ၊ တစ်ဦးချင်း   ဆုရရှိကြသူများနှင့်  ဒိုင်းဆုရရှိသော မြစ်ကြီးနားတပ်နယ်(က)အသင်းတို့အား ပြည်နယ်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊  တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒိုင်းဆု၊ ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုဆုများ  အသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

အဆိုပါ  တိုင်းမှူးဒိုင်း  ဘောလုံးပြိုင်ပွဲကို   တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၉ သင်းဖြင့် ဇွန် ၁၁ ရက်မှ ၂၃ ရက်နေ့အထိ ယှဉ်ပြိုင်ကစားခဲ့ခြင်း ဖြစ်ကြောင်း   သတင်းရရှိသည်။