နေပြည်တော် ဇွန် ၂၄
ပြည်သူလူထုအတွက် အဓိကအကျဆုံးဖြစ်သော ကျန်းမာရေးကဏ္ဍမြင့်မားရေးအတွက် တပ်မတော်မှပါရဂူများ၊ ဆေးမှူးများ၊ သူနာပြုများဖြင့် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးလျက်ရှိသည့်အပြင် ပြည်သူလူထု၏ အရေးပေါ် ကျန်းမာရေးဆိုင်ရာကုသမှုများ ဆောင်ရွက်ပေးနိုင်ရန်အတွက် တပ်မတော်ဆေးရုံများနှင့် ယာယီကုသရေး ဆေးရုံများ၌ ကျန်းမာရေးစောင့်ရှောက်မှုများကို နေ့ညမပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ဖေဖော်ဝါရီ ၅ ရက်မှ ယနေ့အထိ ပြင်ပလူနာပေါင်း ၂၅၆၈၀၂ ဦးနှင့် အတွင်းလူနာပေါင်း ၇၅၁၃၇ ဦးတို့ကို ကုသပေးနိုင်ခဲ့သည်။
၎င်းလူနာများအနက် အကြီးစားခွဲစိတ်ကုသရန်လိုအပ်သူ ၁၁၉၄၀ ဦး၊ အသေးစားခွဲစိတ်ကုသရန် လိုအပ်သူ ၆၂၂၃ ဦး၊ စုစုပေါင်း ၁၈၁၆၃ ဦးတို့ကို ခွဲစိတ်ကုသပေးနိုင်ခဲ့သည့်အပြင် စိုးရိမ်ဖွယ်ရာရှိသည့် လူနာများကိုလည်း ပါရဂူများ၊ ဆေးမှူးများဖြင့် အထူးကြပ်မတ်ကုသပေးလျက်ရှိသည်။ ထို့ပြင် ကလေးမီးဖွားလူနာ ၆၀၃၈ ဦးကို ခွဲစိတ်၍လည်းကောင်း၊ ၈၆၆၁ ဦးကို သာမန်ဖြင့်လည်းကောင်း မွေးဖွားပေးနိုင်ခဲ့ခြင်းကြောင့် ယနေ့အထိ ကလေးငယ် ၁၄၆၉၉ ဦးကို အောင်မြင်စွာ မွေးဖွားပေးနိုင်ခဲ့ပြီး တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေး ကဏ္ဍမြင့်မားရေးတွင် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။